နာပိုလီအသင်းရဲ့ ဥက္ကဌဖြစ်သူ ဒီလော်ရန်းတစ်က သူတို့ရဲ့ အဓိက တိုက်စစ်မှူး ဗစ်တာ အိုဆင်မန်ကို ခေါ်ယူချင်တယ်ဆိုရင် ပြောင်းရွှေ့ကြေး ယူရို သန်း(၅၀၀)နဲ့ ကမ်းလှမ်းလာနိုင်တယ်လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

ပြင်သစ် သတင်းမီဒီယာ L’Equipe ရဲ့ သတင်းဖော်ပြချက်အရ နိုင်ဂျီးရီးယား လက်ရွေးစင် တိုက်စစ်မှူး အိုဆင်မန်အတွက် ယူရို သန်း(၅၀၀)နဲ့ ကမ်းလှမ်းလာခဲ့မယ်သာဆိုရင် သူ့ဘက်က ကစားသမားကို သေချာပေါက် ရောင်းချလိမ့်မယ်လို့ နာပိုလီ ဥက္ကဌက ပြောဆိုလာတယ်လို့ သိရပါတယ်။

Photo Credit : Sky Sports

လိုင်လီကနေ နာပိုလီအသင်းဆီ ပြောင်းခါစက ဒီလောက်အထိ ခြေစွမ်းမပြနိုင်ခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အသင်းအတွက် စီးရီးအေသွင်းဂိုး (၂၆)ဂိုး သွင်းယူရင်း စီးရီးအေ ဂိုးသွင်းဘုရင်ဆုကိုပါ ပိုင်ဆိုင်ခဲ့ရတဲ့ အိုဆင်မန်ဟာ နာပိုလီနဲ့ပါ စီးရီးအေ ချန်ပီယံဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါသေးတယ်။

ဒီလို စွမ်းဆောင်ရည်တွေကြောင့်ပဲ အိုဆင်မန်ကို ပီအက်စ်ဂျီ မန်ယူနိုက်တက် ဘာစီလိုနာ ချယ်လ်ဆီးတို့လို ဥရောပ ထိပ်သီးကလပ်အသင်းတွေက အပြိုင်အဆိုင် စိတ်ဝင်စားလာခဲ့သလို ဆော်ဒီကလပ်အသင်းတွေကလည်း စောင့်ကြည့်လာကြပါတယ်။

Photo Credit : Livescore

ဒီအချိန်မှာ နာပိုလီအသင်း ဥက္ကဌ လော်ရန်းတစ်က အိုဆင်မန်နဲ့ ပတ်သက်ပြီး “ယူရိုသန်း(၂၀၀)ဆိုရင်တော့ ခင်ဗျားက အိုဆင်မန်ရဲ့ ခြေထောက်တစ်ဖက်လောက်ကိုပဲ ရနိုင်လိမ့်မယ်။ နောက်နှစ်အတွက်ဆိုရင် ခင်ဗျားတို့ဘက်က ယူရို သန်း(၅၀၀)နဲ့ ကမ်းလှမ်းလာမယ်ဆိုရင် ဒါက ကျေနပ်စရာ ဖြစ်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားပေမယ့် ဖြစ်နိုင်တယ်လို့ ကျွန်တော် ထပ်ပြောပါရစေ” လို့ ပြောဆိုသွားခဲ့ပါတယ်။

လီယွန်နယ် မက်ဆီ နဲ့ ကီလီယန် အမ်ဘာပေတို့ကို မခေါ်ယူနိုင်ခဲ့တဲ့ ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းက နေမာကို မခေါ်ယူခင်မှာ အိုဆင်မန်အတွက် ယူရို သန်း(၂၀၀)နဲ့ ကမ်းလှမ်းမှု လုပ်ဆောင်ခဲ့သေးတာနဲ့ ပတ်သက်ပြီး နာပိုလီဥက္ကဌက အခုလို တုံ့ပြန်မှုတွေ ပြောဆိုလာခဲ့တာပဲ ဖြစ်ပါတယ်။