MySport Myanmar

ဂါနာချိုကို မခေါ်နိုင်ခဲ့တဲ့ နာပိုလီက ဇက်ဇီးကိုပါ အဓိက ပစ်မှတ်အဖြစ် သတ်မှတ်ထား

ပြီးခဲ့တဲ့ ဆောင်းဈေးကွက်အတွင်း မန်ချက်စတာ ယူနိုက်တက်က တောင်ပံကစားသမား အလန်ဟန်ဒရို ဂါနာချိုကို ခေါ်ယူနိုင်ခဲ့ခြင်း မရှိခဲ့တဲ့ နာပိုလီအသင်းဟာ လာမယ့်ဈေးကွက်မှာလည်း ယူနိုက်တက် တိုက်စစ်ကစားသမား ဂျိုရှုအာ ဇက်ဇီးကိုပါ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားနေတယ်လို့ သိရှိရပါတယ်။

နာပိုလီအသင်းဟာ ဆောင်းဈေးကွက်မှာ အသင်းရဲ့ အဓိက ကစားသမားဖြစ်သူ ဂျော်ဂျီယာ တောင်ပံကစားသမား ခွာရတ်စကယ်လီယာကို ပီအက်စ်ဂျီအသင်းဆီ ယူရိုသန်း(၇၀)နဲ့ ရောင်းချထားသလို လာမယ့်နွေမှာလည်း တိုက်စစ်မှူး အိုဆီမန်ကိုပါ ယူရိုသန်း(၇၀) သန်း(၈၀)လောက်နဲ့ ရောင်းထုတ်သွားဖို့ ရှိနေပါတယ်။

Photo Credit : Telesport

လက်ရှိ နာပိုလီအသင်းရဲ့ တိုက်စစ်မှာ လူကာကူ ဆီမြွန်နီ ရက်စ်ပါဒိုရီ ပိုလီတာနို နေးရက်စ်နဲ့ အိုကာဖောတို့ ရှိနေပေမယ့် တိုက်စစ်ကစားသမားသစ်တစ်ဦးခန့် ဖြည့်တင်းသွားချင်နေတာကြောင့် စီးရီးအေ ကစားသမားဟောင်းဖြစ်တဲ့ နယ်သာလန် တိုက်စစ်ကစားသမား ဇက်ဇီးကို ချိန်ရွယ်လာခဲ့ပါတယ်။

နာပိုလီက လာမယ့်နွေမှာ အသင်းကနေ သေချာပေါက် ထွက်ခွာသွားတော့မယ့် နိုင်ဂျီးရီးယား တိုက်စစ်မှူး ဗစ်တာ အိုဆီမန်နေရာမှာ ဘိုလော့ဂ်နာ တိုက်စစ်ကစားသမား ဇက်ဇီးနဲ့ ပြန်လည် အစားထိုးသွားချင်နေသလို ဒီနယ်သာလန် ကစားသမားကိုလည်း နာပိုလီအသင်း ကင်းထောက်တွေက လိုက်လံ ကြည့်ရှုပြီး ခြေစွမ်းပိုင်းတွေ လေ့လာလို့နေပါတယ်။

Photo Credit : Goal

ဒီနွေမှ ယူနိုက်တက်ဆီ ရောက်လာခဲ့တဲ့ ဇက်ဇီးဟာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ (၃၅)ပွဲထိ ကစားထားပြီးချိန်မှာ သွင်းဂိုး(၄)ဂိုး ဂိုးဖန်တီးမှု (၂)ကြိမ်သာ လုပ်ဆောင်ထားနိုင်ခဲ့သလို (၁၁)ပွဲဆက်တိုက်အထိလည်း ဂိုးပေါက်ပျောက်နေရပါတယ်။ ဒါ့အပြင် ဇက်ဇီးဟာ ပြီးခဲ့တဲ့ ဆောင်းဈေးကွက်တုန်းကလည်း ဂျုဗင်တပ်စ်အသင်းနဲ့ သတင်းတွေ ဆက်တိုက် ထွက်ပေါ်ခဲ့ပါသေးတယ်။

လက်ရှိ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ဇက်ဇီးရော ဟွိုင်လန်းရောပါ အားထားရတဲ့ အခြေအနေမှာ ရှိမနေတဲ့အတွက် ရာသီကုန်မှာ ဒီကစားသမားတွေရဲ့ အနာဂတ်က လှုပ်ခတ်လာနိုင်ပြီး ယူနိုက်တက်က အိုဆီမန်ကိုလည်း စိတ်ဝင်စားနေတာကြောင့် ဇက်ဇီးနဲ့ အိုဆီမန်တို့ကြား ကစားသမား အလဲအထပ်တွေ ဖြစ်လာနိုင်မလားဆိုတာ စောင့်ကြည့်သွားရပါမယ်။

Exit mobile version