အီတလီ စီးရီးအေ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ နာပိုလီက လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ သူတို့အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး အိုဆီမန်အား ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးဆီ ရောင်းထုတ်ပြီး မန်ချက်စတာ ယူနိုက်တက် ကနေ ထွက်ခွာခွင့် ရထားတဲ့ ဝါရင့် တိုက်စစ်မှူး ရိုနယ်ဒိုကို ပြန်လည် ခေါ်ယူရန် စဉ်းစားနေကြောင်း နာမည်ကြီး သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

ပရီးမီးယားလိဂ် အင်အားကြီးကလပ် ချယ်လ်ဆီးက လာမယ့် ဇန်နဝါရီဈေးကွက် အတွင်းမှာ သူတို့အသင်းရဲ့ တိုက်စစ်ပိုင်းကို အဓိက အင်အားဖြည့်တင်းဖို့ စီစဉ်နေတဲ့ အသင်း ဖြစ်ပြီး ချယ်လ်ဆီးရဲ့ ကင်းထောက်တွေက ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းမှာပဲ နာပိုလီရဲ့ ပွဲစဉ်တွေကို လာရောက် ကြည့်ရှုကာ နာပိုလီ တိုက်စစ်မှူး အိုဆီမန်ရဲ့ ခြေစွမ်းကို အကဲခတ်ထားကြပါတယ်။

Photo Credit: Express

အသက် ၂၃နှစ် အရွယ် နာပိုလီကြယ်ပွင့် တိုက်စစ်မှူး အိုဆီမန်က လိုင်လီကနေ နာပိုလီထံ ရောက်ရှိလာချိန်ကတည်းက အသင်းရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ခြေစွမ်းကောင်းတွေ ထုတ်ပြထားနိုင်သူ ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာ အိုဆီမန်ဟာ နာပိုလီ အတွက် ပြိုင်ပွဲစုံမှာ ၉ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၅ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

ဒါကြောင့်ပဲ နာပိုလီက သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူး အိုဆီမန်အတွက် ပြောင်းရွှေ့ကြေး ယူရို ၁၀၀သန်း အထိ ဈေးခေါ်ထားပြီး ချယ်လ်ဆီးရဲ့ ဘုတ်အဖွဲ့ကလည်း အသင်းရဲ့ တိုက်စစ်ပိုင်းကို ဆယ်စုနှစ် တစုနီးပါး ဦးဆောင်ပေးနိုင်စွမ်း ရှိတဲ့ အိုဆီမန်ကို ကြိုက်ကြေးပေးကာ ခေါ်ယူဖို့ စဉ်းစားနေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနက ဆိုပါတယ်။

Photo Credit: Express

တဖက်မှာတော့ နာပိုလီက အိုဆီမန်ကိုသာ လက်လွှတ်လိုက်ရရင် အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် ရေတို အစားထိုးမှု တရပ် အဖြစ် ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ မခေါ်ယူနိုင်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဝါရင့် တိုက်စစ်မှူး ရိုနယ်ဒိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး နာပိုလီရဲ့ ဥက္ကဌ လော်ရီတစ်နဲ့ ရိုနယ်ဒိုရဲ့ အေးဂျင့်ဖြစ်သူ ဂျော့စ်မန်ဒက်စ်တို့ ကြားမှာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ရှိနေကြောင်း မန်ချက်စတာ ညနေခင်း သတင်းဌာနက ဖော်ပြထားပါတယ်။

နောက်ထပ် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Sun သတင်းဌာနကလည်း နာပိုလီဟာ ရိုနယ်ဒိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်းအား ထပ်ဆင့် အတည်ပြုပေးထားပြီး ရိုနယ်ဒိုက မန်ချက်စတာ ယူနိုက်တက် ကနေ ထွက်ခွာကာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဝင်ရောက် ကစားခွင့် ရဖို့ အတွက် လုပ်ခလစာ လျှော့ယူရန်ပါ ပြင်ဆင်ထားကြောင်း သိရပါတယ်။