MySport Myanmar

ဒီဘရိုင်းကို (၃)နှစ်စာချုပ်နဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားတဲ့ နာပိုလီ

အီတလီ စီးရီးအေ ချန်ပီယံကလပ် နာပိုလီအသင်းဟာ ဒီနွေမှာ မန်ချက်စတာ စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီး အသင်းကနေ ထွက်ခွာတော့မယ့် ကွင်းလယ်ဖန်တီးရှင် ကစားသမား ကီဗင် ဒီဘရိုင်းကို (၃)နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်နဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားတယ်လို့ သိရှိရပါတယ်။

အသက်(၃၃)နှစ်အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် ဝါရင့်ကွင်းလယ်လူ ဒီဘရိုင်းဟာ မန်စီးတီးအသင်းမှာ ဆယ်စုနှစ်တစ်ခုကြာအထိ ပါဝင်ကစားခဲ့ရင်း (၄၂၁)ပွဲကစား (၁၀၈)ဂိုးသွင်းပြီး (၁၁၇)ဂိုးဖန်တီးပေးနိုင်ခဲ့သလို အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား (၆)ကြိမ် ချန်ပီယံလိဂ်ဖလား (၁)ကြိမ် အက်ဖ်အေဖလား (၂)ကြိမ် လိဂ်ဖလား (၁)ကြိမ် ကလပ်ကမ္ဘာ့ဖလား (၁)ကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Photo Credit : BBC

ချယ်လ်ဆီးနဲ့ ဝုလ်ဖ်ဘတ် ကစားသမားဟောင်း ဒီဘရိုင်းဟာ မန်စီးတီးအတွက် အရေးအပါဆုံး ကစားသမားတစ်ဦး ဖြစ်ပေမယ့်လည်း ဒီနောက်ပိုင်း ဒဏ်ရာတွေ မကြာခဏ ရရှိနေရင်းနဲ့ fitness ပိုင်းတွေ ကျဆင်းလာခဲ့ပြီး စွမ်းဆောင်ရည်ပိုင်းတွေပါ မတည်ငြိမ်လာတော့ဘဲ ရုန်းကန်လာခဲ့ရပါတယ်။

ဒီလို အခြေအနေတွေကြောင့်လည်း မန်စီးတီးနဲ့ ဒီဘရိုင်းတို့ကြားမှာ စာချုပ်သက်တမ်း တိုးမြှင့်ဖို့ မလုပ်ဆောင်တော့တာဖြစ်ပြီး အခုဆို ဒီဘရိုင်းကို ကလပ်အသင်း တော်တော်များများက စိတ်ဝင်စားလို့နေပြီး ဒီထဲမှာ မကြာသေးခင်ကပဲ စီးရီးအေ အမှတ်ပေး ချန်ပီယံဆုကို ဆွတ်ခူးထားနိုင်ခဲ့တဲ့ နာပိုလီအသင်းလည်း ပါဝင်လို့နေပါတယ်။

Photo Credit : Calcio Mercato

ချယ်လ်ဆီးနဲ့ စပါးအသင်းတို့လို ပရီးမီးယားလိဂ် ကလပ်အသင်းတွေကို ကိုင်တွယ်ခဲ့ဖူးတဲ့ နည်းပြကြီး အန်တိုနီယို ကွန်တီက သူ့အသင်းအတွက် ပရီးမီးယားလိဂ်က ကစားသမားတွေကို ခေါ်ယူဖြည့်တင်းဖို့ ပိုမို စိတ်အားထက်သန်ပြီး အခုလည်း ပရီးမီးယားလိဂ် legend player ကြီးတစ်ဦးဖြစ်တဲ့ ဒီဘရိုင်းကို ထပ်မံ ခေါ်ယူဖို့ ကြိုးပမ်းလာပါတော့တယ်။

နာပိုလီဘက်ကနေ ဒီဘရိုင်းကို (၃)နှစ်စာချုပ်နဲ့ ကမ်းလှမ်းထားပြီး စာချုပ်ပါ လစာနဲ့ စာချုပ်ချုပ်ဆိုကြေး (signing fee) အပါအဝင် စုစုပေါင်း ယူရို(၂၇)သန်း တန်ကြေးရှိတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ ဒီဘရိုင်းရဲ့ အနာဂတ် ဆုံးဖြတ်ချက်ကိုတော့ လာမယ့်အပတ်အတွင်းမှာ သိရှိရဖို့ ရှိနေပြီး သူဟာ နာပိုလီအသင်းဆီပဲ ပြောင်းရွှေ့မလား ဒါမှမဟုတ် အမေရိကန် မေဂျာလိဂ်ဆီပဲ ခရီးနှင်မလားဆိုတာ စောင့်ကြည့်ရဦးမှာပါ။

Exit mobile version