အီတလီ စီးရီးအေရဲ့ နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ နာပိုလီအသင်းဟာ ယမန်နေ့ညက ကွယ်လွန် သွားခဲ့တဲ့ သူတို့အသင်းရဲ့ ဂန္တဝင် ကစားသမားကြီး ဒီယေဂို မာရာဒိုနာကို ဂုဏ်ပြုသောအားဖြင့် သူတို့ အသင်းရဲ့ ကွင်းအမည်ကို ဒီယေဂို မာရာဒိုနာကွင်း အဖြစ် ပြောင်းလဲဖို့ လုပ်ဆောင်နေကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြ သွားခဲ့ပါတယ်။ အာဂျင်တီးနား လက်ရွေးစင်အသင်းနဲ့ နာပိုလီအသင်းတို့ရဲ့ ဂန္တဝင် ကစားသမားဟောင်းကြီး မာရာဒိုနာဟာ ယမန်နေ့ညမှာ နှလုံးရောဂါကြောင့် ရုတ်တရတ် ကွယ်လွန် သွားခဲ့တာဖြစ်ပြီး မာရာဒိုနာ ကွယ်လွန်သွားတဲ့ သတင်းဟာ ကမ္ဘာ့ ဘောလုံးလောက တစ်ခုလုံးကို အကြီးအကျယ် ရိုက်ခတ် သွားခဲ့ပါတယ်။

Photo Credit: Standard

ကွယ်လွန်ချိန်မှာ အသက် ၆၀ အရွယ် ရှိနေပြီ ဖြစ်တဲ့ မာရာဒိုနာဟာ နာပိုလီအသင်းရဲ့ သမိုင်းမှာ အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ် ခံထားရသူ ဖြစ်ပြီး အသင်းရဲ့ သမိုင်းမှာ ဒုတိယမြောက် သွင်းဂိုး အများဆုံး ကစားသမားလည်း ဖြစ်ပါတယ်။ မာရာဒိုနာဟာ နာပိုလီ အသင်းအတွက် ပြိုင်ပွဲစုံမှာ ၂၅၇ပွဲအထိ ကစားပေးခဲ့သူ ဖြစ်ပြီး သွင်းဂိုး ၁၁၅ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၂၉ကြိမ်အထိ ပြုလုပ် ထားနိုင်ခဲ့ပါတယ်။ မာရာဒိုနာဟာ နာပိုလီအသင်းနဲ့ ဆုဖလား ၅လုံးအထိ ရရှိခဲ့ဖူးပြီး အီတလီ ချန်ပီယံဆု ၂ကြိမ် ၊ အီတလီ ရှုံးထွက်ဖလား ၁ကြိမ် ၊ အီတလီ စူပါဖလား ၁ကြိမ်နဲ့ ယူအီးအက်ဖ်အေ ဖလား ၁ကြိမ်တို့ကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း နာပိုလီအသင်းဟာ မာရာဒိုနာကို ဂုဏ်ပြုသောအားဖြင့် သူတို့အသင်းရဲ့ ကွင်းအမည်ကို ပြောင်းလဲဖို့ လုပ်ဆောင် နေတာပါ။

Photo Credit: Standard

နာမည်ကြီး သတင်းထောက် တစ်ဦးဖြစ်သူ Fabrizio Romanoရဲ့ ဖော်ပြချက် အရတော့ နာပိုလီအသင်း ဟာ သူတို့အသင်းရဲ့ လက်ရှိ ကွင်းအမည် ဖြစ်တဲ့ Stadio San Paolo ဆိုတဲ့ အမည်ကနေ Diego Armando Maradona/ San Paolo ဆိုတဲ့ အမည်ကို ပြောင်းလဲဖို့ လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရပါတယ်။ လက်ရှိ မှာတော့ နာပိုလီအသင်းရဲ့ ပရိသတ်တွေဟာ အသင်း အခြေစိုက်ရာ နေပယ်လ်မြို့ အတွင်းမှာ မာရာဒိုနာကို လွမ်းဆွတ် သတိရမှု အဖြစ် အမှတ်တရ ပန်းစည်းများကို ချထားကြသလို မာရာဒိုနာရဲ့ အမည်နဲ့ ရုပ်ပုံပါတဲ့ အကျီတွေကို ဝတ်ဆင်ကာ အမှတ်တရပွဲတွေ လုပ်ဆောင်နေပါတယ်။ မာရာဒိုနာဟာ တစ်ခေတ်မှာ တစ်ယောက်လို့ ဆိုရလောက်အောင် သူ့ခေတ် သူ့အခါမှာ အလွန်ကို အောင်မြင်တဲ့ ကစားသမား တစ်ဦး ဖြစ်တာကြောင့် မာရာဒိုနာ ကွယ်လွန်သွားတဲ့အပေါ် ကျွန်တော်တို့ MYSPORT MYANMAR ကလည်း ဝမ်းနည်း ကြေကွဲရကြောင်း ဆိုလိုက်ပါရစေ…။