မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက အသင်းအတွက် အားအနည်းဆုံးဖြစ်ခဲ့တဲ့ ခံစစ်နေရာအတွက် ပြင်ဆင်မှုတွေလုပ်ဆောင်သွားဖို့ ပြင်ဆင်နေလျက်ရှိရာ နွေစျေးကွက်အတွင်းမှာတော့ ဘုန်းမောက်အသင်းရဲ့နယ်သာလန်လူငယ်ကစားသမားလေး နာသန်အကီကိုလည်း ခေါ်ယူထားလျက်ရှိသလို နောက်ထပ်ဗဟိုခံစစ်မှူးတစ်ယောက်အဖြစ် နာပိုလီအသင်းရဲ့ဆီနီဂေါခံစစ်ကစားသမား ကူလီဘလီကိုပါ ခေါ်ဆောင်ချင်နေပေမယ့် ကစားသမားအတွက် ပြောင်းရွှေ့ကြေးအပိုင်းမှာ ညှိနှိုင်းမရသေးတဲ့အတွက် အပြောင်းအရွှေ့က အထမြောက်ဖို့က ကြန့်ကြာလျက်ရှိနေရပါတယ်။

Photo Credit : Sky Sports

မန်စီးတီးအသင်းဟာ အသင်းရဲ့ဂန္တဝင်ကစားသမားတစ်ယောက်လို့ ဆိုရမယ့် ကွန်ပနီရဲ့နေရာအတွက် သူ့လောက်နီးနီး အရည်အသွေးရှိတဲ့ ခံစစ်ကစားသမားတစ်ယောက်ကို ရှာဖွေလျက်ရှိနေရာ အသက်(၂၉)နှစ်အရွှယ် ဆီနီဂေါလက်ရွေးစင် နောက်ခံလူ ကူလီဘလီက ကွန်ပနီရဲ့ကွက်လပ်ကို ဖြည့်တင်းပေးနိုင်မယ့်သူလို့ ယူဆလာမိတာကြောင့် ကမ်းလှမ်းမှုတွေကို စတင်လုပ်ဆောင်ခဲ့ပေမယ့်လည်း မန်စီးတီးအသင်းရဲ့ကနဦးကမ်းလှမ်းချက်ဖြစ်တဲ့ ပေါင်(၅၃)သန်းကိုတော့ နာပိုလီဘက်ကနေ ငြင်းဆန်ပယ်ချထားခဲ့ပါတယ်။

Photo Credit : Goal

နာပိုလီအသင်းရဲ့ဥက္ကဌ ဒီလော်ရန်းတစ်ကိုယ်တိုင် ကူလီဘလီအနေနဲ့ ဒီနွေစျေးကွက်မှာ သူတို့အသင်းကနေ ထွက်ခွာတော့မယ်လို့ ပြောဆိုထားခဲ့ပေမယ့်လည်း ကစားသမားအတွက် ထိုက်တန်တဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းလာမှသာ အသင်းကနေ ထွက်ခွာခွင့်ပေးမယ်လို့ ပြောဆိုထားခဲ့ပါတယ်။ မန်စီးတီးဘက်ကလည်း နာပိုလီအသင်း တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေးအတိုင်းကို ပေးချေနိုင်ပေမယ့် လွန်ခဲ့တဲ့ ၂၀၁၈ခုနှစ်တုန်းက ဒီအသင်းနှစ်သင်းကြားမှာ အထမမြောက်ခဲ့တဲ့ အပြောင်းအရွှေ့တစ်ခုနဲ့ပတ်သက်ပြီး မန်စီးတီးဘက်ကနေ အစာမကြေနိုင်သေးတဲ့အတွက် အခု ကူလီဘလီရဲ့အပြောင်းအရွှေ့မှာပါ လာသက်ရောက်ဖွယ် ရှိနေပါတယ်။ ၂၀၁၈ခုနှစ်တုန်းက မန်စီးတီးအသင်းဟာ နာပိုလီရဲ့ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုကို ခေါ်ယူဖို့အတွက် အနီးစပ်ဆုံးဖြစ်နေချိန်မှ နာပိုလီက စိတ်ကူးပြောင်းပြီး ဂျော်ဂျင်ဟိုကို မန်စီးတီးအစား ချယ်လ်ဆီးအသင်းဆီသာ ရောင်းချခဲ့တဲ့အတွက် မန်စီးတီးအသင်းပိုင်ရှင်တွေက နာပိုလီအသင်းအပေါ် အတော်လေးကို ဒေါသထွက်ခဲ့ရပြီး ဒီအပြောင်းအရွှေ့အထမမြောက်ခဲ့မှုဟာ ကူလီဘလီကို ခေါ်ယူမယ့်အရေးထိပါ ရိုက်ခတ်ဖွယ်ရှိနေတယ်လို့ နာပိုလီဥက္ကဌကိုယ်တိုင် ပြောဆိုထားခဲ့ပါတယ်။ ဒါပေမယ့် ကူလီဘလီကို မန်စီးတီးအသင်းအပြင် ပီိအက်စ်ဂျီနဲ့ မန်ချက်စတာယူနိုက်တက်အသင်းကပါ စိတ်ဝင်စားလျက်ရှိနေပြီး လာမယ့်တစ်ပတ်အတွင်းမှာပဲ ကူလီဘလီရဲ့အနာဂတ်ကို သေသေချာချာ သိရှိရဖွယ် ရှိနေပါတယ်။