MySport Myanmar

ဇန်နဝါရီမှာ ရော်နယ်လ်ဒိုကို ခေါ်ယူသွားမှာ မဟုတ်ဘူးလို့ ဆိုလိုက်တဲ့ နာပိုလီ

လက်ရှိ အီတလီစီးရီးအေမှာရော ချန်ပီယံလိဂ်ပြိုင်ပွဲမှာပါ အတော်လေးကို in form ဖြစ်လို့နေတဲ့ နာပိုလီအသင်းဟာ လာမယ့် ဇန်နဝါရီ ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ စူပါစတား ကစားသမား ခရစ္စတီယာနိုရော်နယ်လ်ဒိုကို ခေါ်ယူသွားဖို့ အစီအစဉ် မရှိကြောင်း နာပိုလီအသင်းရဲ့ အားကစားဒါရိုက်တာဖြစ်သူ ခရစ္စတီယာနိုဂျွန်တိုလီက ပြောကြားလိုက်ပါတယ်။

Photo Credit : Mirror

GOAT ကြီး ရော်နယ်လ်ဒိုဟာ လက်ရှိမှာ ယူနိုက်တက်အသင်းအတွက် ပြန်လည် ကစားပေးနေရပြီး ဂိုးတွေပါ ပြန်သွင်းယူနိုင်ပြီ ဖြစ်ပေမယ့်လည်း လာမယ့် ဆောင်းဈေးကွက်မှာ သူရဲ့ အနာဂတ် အခြေအနေက အသင်းပြောင်းနိုင်မလား ယူနိုက်တက်မှာပဲ ဆက်ရှိနေမလားဆိုတာ မသေချာသေးသလို ဖြစ်နေတဲ့အပြင် ကလပ်အသင်း တချို့နဲ့ပါ အပြောင်းအရွှေ့ ကောလဟာလတွေပါ ထွက်ပေါ်လို့နေပါတယ်။ ရော်နယ်လ်ဒိုနဲ့ သတင်းထွက်နေတဲ့ အသင်းတွေထဲမှာ စီးရီးအေကလပ် နာပိုလီလည်း ပါဝင်လို့နေပေမယ့် နာပိုလီဘက်ကတော့ လာမယ့် ဇန်နဝါရီမှာ ရော်နယ်လ်ဒိုကို သူတို့အသင်းအနေနဲ့ ခေါ်ယူမှာ မဟုတ်ဘူးလို့ ထုတ်ပြန်လိုက်ပါတယ်။

Photo Credit : Keepup

နာပိုလီ ဒါရိိုက်တာ ဂျွန်တိုလီက “ဇန်နဝါရီမှာ ရော်နယ်လ်ဒိုကို ခေါ်မလားဆိုတော့ ကျွန်တော်တို့အနေနဲ့ ဇန်နဝါရီလထဲမှာ ဘယ်ကစားသမားကိုမှ ခေါ်ယူသွားမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ လက်ရှိအသင်းကို ဘာမှ အပြောင်းအလဲ လုပ်စရာ မလိုအပ်ပါဘူး။ ကျွန်တော်တို့ အခုအချိန်မှာ အကောင်းဆုံး ပုံစံမှာ ရောက်ရှိနေပြီး ဒီလိုအချိန်မှာလည်း ကစားသမား ဖြည့်တင်းမှု တစ်စုံတစ်ရာကို လုပ်ဆောင်ဖို့ အစီအစဉ် မရှိပါဘူး” လို့ ရှင်းလင်း ပြောဆိုလိုက်ပါတယ်။ ဂျွန်တိုလီ ပြောဆိုခဲ့သလို နာပိုလီအသင်းက စီးရီးအေ ချန်ပီယံလိဂ် ပြိုင်ပွဲနှစ်ရပ်လုံးမှာ ရှုံးပွဲ လုံးဝမရှိသေးပဲ အကောင်းဆုံး ပုံစံတစ်ခု ပြသနေသလို ပြိုင်ပွဲနှစ်ခုလုံးမှာ တိုက်စစ်က (၄၆)ဂိုးအထိကို သွင်းယူထားနိုင်ခဲ့ပါတယ်။ ဂျွန်တိုလီက သူတို့အနေနဲ့ ရော်နယ်လ်ဒိုကို ခေါ်ယူသွားမှာ မဟုတ်သလို အသင်းရဲ့ ကြယ်ပွင့်ကစားသမားဖြစ်သူ ဂျော်ဂျီယာ တောင်ပံကစားသမား ခွာရတ်စကယ်လီယာကိုလည်း လာမယ့် ဇန်နဝါရီမှာ လုံးဝကို ရောင်းထုတ်သွားမှာ မဟုတ်ကြောင်း အသိပေးလိုက်ပါသေးတယ်။

Exit mobile version