ဒီနေ့ညမှာတော့ ကိုပါအီတလီယာပြိုင်ပွဲရဲ့ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် အင်တာမီလန်အသင်းနဲ့ နာပိုလီအသင်းတို့က အင်တာမီလန်ရဲ့အိမ်ကွင်း ဆန်စီယိုမှာ ထိပ်တိုက်ရင်ဆိုင် ကစားခဲ့ကြပြီး ပွဲကစားချိန်တော်တော်များများမှာ အိမ်ရှင်အင်တာအသင်းဘက်က ဖိအားပေးကစားနိုင်ခဲ့ပေမယ့်လည်း အခွင့်အရေးနည်းနည်းသာရခဲ့တဲ့ နာပိုလီအသင်းက ၁ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့လို့ ဖိုင်နယ်တတ်ရောက်ဖို့ အခြေအနေကောင်းသွားခဲ့ပါတယ်။

Photo Credit : Getty Images

၃-၅-၂ ကစားကွက်ကို အသုံးပြုလာခဲ့တဲ့ အိမ်ရှင်အင်တာမီလန်ဘက်မှာ မာတီနက်ဇ်ပြန်လည်ပါဝင်လာခဲ့ပြီး လူကာကူနဲ့ တွဲဖက်ကစားခဲ့သလို မိုဆက်စ် ဘရိုဇိုဗစ် ဘာရယ်လာ ဆန်ဆီ ဘက်စ်တိုနီ ဒီဗာရစ် ရှာကရီညာ ပဒယ်လီ ဘရာဂီတို့လည်း ပွဲထွက်စာရင်းမှာ ပါဝင်လာခဲ့ကာ အက်ရှ်လေယန်းနဲ့ အဲရစ်ဆင်ကိုတော့ အရန်စာရင်းမှာပဲ ထားရှိခဲ့ပါတယ်။ တစ်ဖက်က နာပိုလီဘက်မှာ အသင်းခေါင်းဆောင် အစ်ဆစ်ဂနီနဲ့ ကူလီဘလီတို့ ပွဲထွက်စာရင်းကနေ ချန်လှပ်ထားခံရပြီး ကယ်လီဟွန် မာနိုလက်စ် မာတန်စ် ရူအီ ဖာဘီယန်ရုဇ် ဇီလန်စကီးတို့လို အမာခံကစားသမားတွေကိုပဲ အသုံးပြုလာခဲ့ပါတယ်။ ပထမပိုင်းမှာ အသင်းနှစ်သင်းလုံးရဲ့ကစားပုံ ထိုးဖောက်မှုတွေက သိပ်ကွာခြားခြင်းမရှိပဲ အပိုင်အခွင့်အရေးတချို့ကိုပါ ရရှိခဲ့ကြပေမယ့်လည်း သွင်းဂိုးတွေအထိ ရောက်မလာခဲ့ပဲ ဂိုးမရှိသရေသာကျခဲ့ပါတယ်။

Photo Credit : Getty Images

ဒုတိယပိုင်းပြန်စပြီး ၅မိနစ်အကြာမှာပဲ လူကာကူရဲ့ခေါင်းတိုက်ချက်နဲ့ အင်တာတို့ အဖွင့်ဂိုးရဖို့ နီးစပ်ခဲ့ရပေမယ့် အော့စ်ပီနာက ကာကွယ်နိုင်ခဲ့ပြီး ၅၇မိနစ်မှာတော့ နာပိုလီကွင်းလယ်ကစားသမား ဖာဘီယန်ရုဇ်က ဧရိယာအပြင်ဘက်ကနေ အပြင်းကန်ချက်နဲ့ အင်တာဂိုးပေါက်ထဲကို လှမ်းကန်ထည့်ရာကနေ ဧည့်သည်တို့ ဂိုးစတင်ရရှိသွားခဲ့ပါတယ်။ ဦးဆောင်ဂိုး ခွင့်ပြုပေးလိုက်ရပြီးနောက်မှာ အင်တာတို့ရဲ့စိတ်ကြိုက်ဖိအားပေးမှုတွေကိုသာ ဆက်တိုက်မြင်တွေ့လာခဲ့ရပြီး အဲရစ်ဆင် ဆန်းချက်ဇ်တို့လည်း ဝင်ရောက်ကစားလာခဲ့ကာ နာပိုလီဘက်ကို ဖိအားတွေပေးလာခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ အင်တာတို့ ပင်နယ်တီရနိုင်မယ့် အခွင့်အရေး လစ်လျူအရှုခံခဲ့ရသလို နာကျင်အချိန်ပိုမှာလည် ချေပဂိုးရနိုင်မယ့် အခွင့်အရေးကောင်းတစ်ခု လက်လွတ်ခဲ့ရလို့ လာမယ့်ဒုတိယအကျော့မှာ ရုန်းကန်ရတော့မှာဖြစ်ပါတယ်။