MySport Myanmar

ဆန်ချိုကို ခေါ်ယူဖို့ အံ့အားသင့်ဖွယ် စိတ်ဝင်စားနေတဲ့ နာပိုလီ

မန်ချက်စတာ ယူနိုက်တက်အသင်းမှာ နေရာရဖို့ ရုန်းကန်နေရတဲ့ တောင်ပံကစားသမား ဂျေဒန် ဆန်ချိုကို ခေါ်ယူဖို့ အီတလီ စီးရီးအေကလပ် နာပိုလီအသင်းက မထင်မှတ်ဘဲ စိတ်ဝင်စားလာတာကြောင့် ယူနိုက်တက်အသင်းအနေနဲ့ သူ့ကိုရောင်းချပြီး ငွေပြန်ဖော်နိုင်မယ့် မျှော်လင့်ချက်တွေ ပြန်လည်ရှင်သန်လာခဲ့ပါတယ်။

နာမည်ကျော် အပြောင်းအရွှေ့သတင်းထောက် ဂျန်လုကာ ဒီမာဇီယိုရဲ့ ဖော်ပြချက်အရ မကြာသေးခင်ကပဲ မန်စီးတီးအသင်းဆီကနေ ကွင်းလယ်လူ ကီဗင် ဒီဘရိုင်းနားကို ခေါ်ယူထားတဲ့ နာပိုလီဟာ ဆန်ချိုလို ပရီးမီးယားလိဂ်က နောက်ထပ်ကြယ်ပွင့်တစ်ဦးကို ပစ်မှတ်ထားလာတာဖြစ်ပါတယ်။

Photo Credit : Goal

ဂျေဒန်ဆန်ချိုဟာ မန်ယူနိုက်တက်မှာ နည်းပြနဲ့ အဆင်မပြေ ဖြစ်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ဘောလုံးရာသီကို ချယ်လ်ဆီးအသင်းမှာ အငှားနဲ့ သွားရောက်ကစားခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းမှာ ရှိနေစဉ်အတွင်း ဆန်ချိုဟာ ခြေစွမ်းကောင်းတွေ ပြန်လည်ပြသနိုင်ခဲ့ပြီး ၅ ဂိုးသွင်း ဂိုးဖန်တီးမှု ၁၀ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ သူ့ရဲ့အကူအညီနဲ့ ချယ်လ်ဆီးဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၄ နေရာရခဲ့သလို ကွန်းဖရန့်စ်လိဂ်ဖလားကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ရာသီအပြီးမှာ ချယ်လ်ဆီးအသင်းဟာ ဆန်ချိုကို ပေါင် ၂၅ သန်းနဲ့ အပြီးသတ် ခေါ်ယူခွင့်ရှိခဲ့ပေမယ့် အသုံးမပြုခဲ့ပါဘူး။ ယင်းအစား ဒဏ်ကြေးအဖြစ် ပေါင် ၅ သန်းပေးချေပြီး သူ့ကို မန်ယူအသင်းဆီသာ ပြန်လည်ပို့ဆောင်ခဲ့ပါတယ်။ အဓိကအကြောင်းရင်းကတော့ ဆန်ချိုဘက်က တောင်းဆိုတဲ့ တစ်ဦးချင်းလစာနဲ့ အခြားခံစားခွင့်တွေကို ချယ်လ်ဆီးဘက်က သဘောတူညီမှု မရခဲ့သောကြောင့် ဖြစ်ပါတယ်။

Photo Credit : We Ain’t Got No History

ဆန်ချိုဟာ နည်းပြဟောင်း အဲရစ် တန်ဟက်ဂ်လက်ထက် အသင်းမှာ နေရာပျောက်ခဲ့သူဖြစ်ပြီး လက်ရှိနည်းပြသစ် ရူဘင် အာမိုရင် လက်အောက်မှာလည်း ပွဲထွက်ခွင့်ပြန်ရဖို့ အလားအလာ အလွန်နည်းနေပါတယ်။ ဒါကြာင့် သူ့ရဲ့အသင်းကနေ ထွက်ခွာဖို့ သေချာသလောက် ရှိနေချိန်မှာ နာပိုလီအသင်းက ကြားဝင်စိတ်ဝင်စားလာတာဖြစ်ပါတယ်။ ဆန်ချိုဟာ အရင်က ဂျာမန်ကလပ် ဒေါ့မွန်အသင်းမှာ အောင်မြင်ခဲ့ဖူးသူဖြစ်ရာ နာပိုလီက သူ့ကို အင်္ဂလန်ပြင်ပ ဥရောပမြေပေါ်ကို ပြန်လည်ခေါ်ဆောင်လိုနေတာပါ။

မန်ယူအသင်းဟာ ဆန်ချိုကို ၂၀၂၁ ခုနှစ်က ဒေါ့မွန်အသင်းထံမှ ပြောင်းရွှေ့ကြေး ပေါင် ၇၂.၉ သန်းဆိုတဲ့ များပြားလှတဲ့ ငွေပမာဏနဲ့ ဝယ်ယူခဲ့တာဖြစ်ပါတယ်။ အခုအခါမှာတော့ သူ့ကိုပြန်လည်ရောင်းချရာမှာ အဆိုပါငွေပမာဏကို ပြန်ရဖို့မဖြစ်နိုင်တော့ဘဲ အရှုံးခံရောင်းချရဖွယ်ရှိနေကြောင်း သတင်းများက ဖော်ပြလျက်ရှိသည်။

Exit mobile version