ဒီနေ့ညမှာတော့ ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ရှုံးထွက်ပြိုင်ပွဲရဲ့ ဒုတိယမြောက်ရက်သတ္တပတ်ကတော့ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ပြီး ဒီတစ်ပတ်မှာလည်း ပြီးခဲ့တဲဲ့တစ်ပတ်တုန်းကလို ပွဲကြီးပွဲကောင်းတွေ ဆက်လက်ပါဝင်လို့နေပြီး ဒီပွဲစဉ်တွေထဲကမှ အီတလီနိုင်ငံ နေပယ်မြို့အတွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ စီးရီးအေနာမည်ကျော် နာပိုလီအသင်းနဲ့ လာလီဂါချန်ပီယံ ဘာစီလိုနာအသင်းတို့ရဲ့ပွဲစဉ်မှာတော့ တစ်ဖက်ကို ၁ဂိုးစီနဲ့ သရေနဲ့သာ အဆုံးသတ်ခဲ့ရပါတယ်။

၄-၃-၃ ကစားကွက်နဲ့ ပွဲထွက်လာခဲ့တဲ့ နာပိုလီအသင်းရဲ့ ပွဲထွက်လူစာရင်းအတွင်းမှာ မာတန်စ် ကယ်လီဟွန် ဇီလင်စကီး ဒမ်မီ ဖာဘီယန်ရုဇ် ဒီလော်ရန်ဇို မာနိုလက်စ် မက်ဆီမိုဗစ် ဟေဆိုင်နဲ့ အော့စ့်ပင်နာတို့ ပါဝင်လာခဲ့ပါတယ်။ ဧည့်သည်ဘာစီလိုနာအသင်းကလည်း ၄-၃-၃ နဲ့ပဲပွဲထွက်လာခဲ့ကာ မက်ဆိ ဂရစ်ဇ်မန်း ဗီဒယ် ဒီဂျောင် ဘူးစကတ်စ် ရာကီတစ် ဆယ်မီဒို အမ်တီတီ ပီကေး ဖယ်လ်ပို တာစတီဂန်တို့ကို အသုံးပြုလာခဲ့ပါတယ်။ ပထမပိုင်း ၄၅မိနစ်အတွင်း အသင်းနှစ်သင်းကြားမှာ ဂိုးကန်ချက်တွေ မယ်မယ်ရရ ရရှိခဲ့ခြင်းမရှိပေမယ့် ဒီရာသီမှာ အင်တာမီလန် ဂျုဗင်တပ်စ်တို့အပြင် လီဗာပူးလ်ကိုပဲ အလဲထိုးထားတဲ့ နာပိုလီအသင်းက မိနစ်၃၀မှာ သွင်းယူခဲ့တဲ့ မာတန်စ်ရဲ့ဂိုးနဲ့ ဘာစီလိုနာတို့ကို စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ နာပိုလီအသင်းရဲ့ ဦးဆောင်မှုကို ခံလိုက်ရပေမယ့်လည်း ဒုတိယပိုင်းအစမှာ ထင်ထားသလောက် တိုက်စစ်ဆင်မှုတွေ မလုပ်ဆောင်နိုင်ခဲ့သလို ထိရောက်ခဲ့ခြင်းလည်း မရှိခဲ့ပါဘူး။ ဒါပေမယ့် ၅၇မိနစ်မှာ ဆယ်မီဒိုနဲ့ ဂရစ်ဇ်မန်းတို့ရဲ့ ဒီရာသီမှာ မကြာခဏ မြင်တွေ့နေရတဲ့ ချိတ်ဆက်မှုထဲကနေ ဂရစ်ဇ်မန်းက ဘာစီလိုနာအတွက် အဖိုးတန်ချေပဂိုးကို ပြန်လည်သွင်းယူပေးခဲ့ပါတယ်။ ပွဲပြီးခါနီးလေးမှာပဲ နှစ်ဖက်အသင်းသားတွေ အချင်းများခဲ့တာကြောင့် ဘာစီလိုနာကွင်းလယ်လူဗီဒယ်ကို ဒိုင်လူကြီးက ၂ဝါ၁နီနဲ့ ထုတ်ပယ်ခဲ့သလို နာပိုလီကစားသမားရုဇ်ကိုလည်း အဝါကတ်ပြခဲ့ပါတယ်။ ပြီးခါနီးအထိ စိတ်လှုပ်ရှားစရာကောင်းခဲ့ပေမယ့်လည်း ၁ဂိုးစီသရေနဲ့ပဲ ပွဲပြီးသွားခဲ့ပါတယ်။