MySport Myanmar

နာပိုလီကြယ်ပွင့် ခွာရတ်စကယ်လီယာကို ရီးယဲလ်နဲ့ လီဗာပူးလ်တို့ စိတ်ဝင်စားနေ

လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်နဲ့ ရီးယဲလ်မက်ဒရစ်နည်းပြ ကားလို့အန်စလော့တီတို့ နှစ်ဦးလုံးက နာပ်ိုလီအသင်းမှာ ခြေစွမ်းကောင်းတွေ ပြသလို့နေတဲ့ ဂျော်ဂျီယာကြယ်ပွင့် တောင်ပံကစားသမားလေး ခွာရတ်စကယ်လီယာကို အပြိုင်စိတ်ဝင်စားနေကြတယ်လို့ ဂျော်ဂျီယာ ကစားသမားဟောင်းကြီး ဆာလီယော့ခ်ကွက်စ်က ပြောကြားလိုက်ပါတယ်။

Photo Credit : LANCE!

အသက်(၂၁)နှစ်အရွယ်ရှိ ဂျော်ဂျီယာလက်ရွေးစင် တောင်ပံကစားသမား ခွာရတ်စကယ်လီယာဟာ အခုနှစ် နွေဈေးကွက်ထဲမှာပဲ ဂျော်ဂျီယာကလကပ် ဒိုင်နမိုဘာတူမီအသင်းကနေ နာပိုလီအသင်းဆီကို ယူရို(၁၀)သန်း-(၁၂)သန်းဝန်းကျင်လောက်နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းမှာ အလျင်အမြန် အထိုင်ကျခဲ့သလို အသင်းအတွက်လည်း ပြိုင်ပွဲစုံ (၁၃)ပွဲထိ ကစားထားခဲ့ရကာ (၇)ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။ ဘောလုံးသမားကောင်းတွေ ထွက်ပေါ်လေ့ သိပ်မရှိတဲ့ ဂျော်ဂျီယာနိုင်ငံကနေ ခွာရတ်စကယ်လီယာလို အရည်အသွေးမြင့်တဲ့ ကစားသမားကောင်းတစ်ဦး ပေါ်ထွက်လာတာက ဂျော်ဂျီယာ ဘောလုံးလောကအတွက် ကောင်းမွန်တဲ့ အခြေအနေလည်း ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Folha PE

နာပိုလီမှာ ကျောနံပါတ်(၇)ကို ဝတ်ဆင်ခွင့် ရရှိထားတဲ့ ခွာရတ်ဟာ ဒီရာသီ စီးရီးအေမှာ (၁၀)ပွဲကစားအပြီး (၅)ဂိုးသွင်း (၅)ဂိုး ဖန်တီးပေးထားနိုင်ခဲ့သလို ချန်ပ်ီယံလိဂ်မှာပါ (၂)ဂိုးသွင်းပြီး (၃)ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ နာပိုလီအသင်းနဲ့အတူ ဖြတ်သန်းထားခဲ့ရတဲ့ ပထမဆုံး ဘောလုံးရာသီမှာပဲ အခုလို (၇)ဂိုးသွင်း (၈)ဂိုးဖန်တီးထားနိုင်တဲ့ ခွာရတ်ကို ဥရောပအသင်းကြီးတွေက စတင် စိတ်ဝင်စားလာခဲ့တယ်လို့ ခွာရတ်ရဲ့ စီနီယာကြီး ဆာလီယော့ခ်ကွက်စ်က ပြောဆိုလိုက်ပါတယ်။ ဆာလီယော့ခ်ကွက်စ်က “ခွာရတ်စကယ်လီယာဟာ နာပိုလီမှာ မယုံနိုင်လောက်စရာ ရာသီအစကို ပိုင်ဆိုင်ထားပါတယ်။ ကားလို့ ယာဂင်တို့ကလည်း သူ့နောက်က လိုက်နေပြီး အနာဂတ်မှာ သူက လီဗာပူးလ် ဒါမှမဟုတ် ရီးယဲလ်မက်ဒရစ်ကို သွားလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါ့အပြင် ဒီနှစ်ရာသီ စီးရီးအေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာပါ ရွေဖိနပ်ဆုကို ယှဉ်ပြိုင်နိုင်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version