မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်းကြီးဖြစ်သူ လူးဝစ် နာနီကတော့ လက်ရှိ ယူနိုက်တက်အသင်းရဲ့ လူငယ် ကစားသမားလေး အလက်ဟန်ဒရို ဂါနာချိုရဲ့ ကစားပုံကို ကြည့်ရတာ သူရဲ့ ယူနိုက်တက် ကစားသမားဘဝကိုတောင် ပြန်မြင်ယောင်မိတယ်လို့ ဖွင့်ဟလိုက်ပါတယ်။

ယူနိုက်တက်အသင်းမှာ အကယ်ဒမီထွက် တိုက်စစ်ကစားသမား မားကပ်စ် ရပ်ရှ်ဖို့ဒ်နဲ့ ယူရို သန်းတစ်ရာတန် တောင်ပံကစားသမား အန်တိုနီ ဆန်းတို့စ်တို့ ရုန်းကန်နေရချိန်မှာ အသက် (၁၉)နှစ်အရွယ် အာဂျင်တီးနား ကစားသမားလေး ဂါနာချိုက ယူနိုက်တက်အတွက် အကောင်းဆုံး ခြေစွမ်းတွေ ပြသလျက် ရှိနေပါတယ်။

Photo Credit : Reuters

ဂါနာချိုဟာ ရန်းနစ်လက်ထက်မှာ ကတည်းက ယူနိုက်တက် စီနီယာအသင်းအတွက် ကစားပေးခွင့် ရရှိခဲ့ပေမယ့်လည်း တန်ဟက်လက်ထက်မှာသာ တောက်လျှောက် ကစားခွင့်တွေ ရရှိလာခဲ့ရင်းနဲ့ အခုဆိုရင်တော့ ယူနိုက်တက်ရဲ့ အမြဲတမ်း ပွဲထွက်ကစားသမားပါ ဖြစ်လာခဲ့ရပါတယ်။

ဒီရာသီထဲမှာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ပွဲပေါင်း (၄၀)အထိ ပါဝင်ကစားထားရင်း (၉)ဂိုးသွင်း (၄)ဂိုးဖန်တီးထားနိုင်တဲ့ ဂါနာချိုနဲ့ ပတ်သက်ပြီး ကစားသမားဟောင်းကြီး နာနီက “ကျွန်တော် ဂါနာချို ကစားတာကို ကြည့်ရင်းနဲ့ ကျွန်တော် ယူနိုက်တက်မှာ ကစားခဲ့တာကိုတောင် ပြန်သတိရမိစေပါတယ်။”

Photo Credit : The Mirror

“နောက်ပြီး သူက ကျွန်တော် ယူနိုက်တက်မှာ ဝတ်ဆင်ခဲ့ဖူးတဲ့ ကျောနံပါတ် (၁၇)ကို ဝတ်ဆင်နေရတာ။ ဒီနံပါတ်ကို ဒီရာသီမှ သူ စတင် ဝတ်ဆင်လာရတော့ ဂိုးတွေလည်း ပိုသွင်းလာရတယ်။ ဒါကြောင့် သူက ဒီကျောနံပါတ်နဲ့ အကျိုးပေးနေပုံပေါ်ပါတယ်။ သူက အကြောက်အလန့်မရှိ ကစားတက်တယ်။ ပြိုင်ဘက် ခံစစ်မှူးတွေကိုလည်း ရင်ဆိုင်နိုင်တယ်။ ပြေးလွှားနိုင်တယ်။ ဂိုးတွေ ဖန်တီးပေးနိုင်တယ်။”

“အခုဆို သူဟာ အရမ်းကောင်းမွန်တဲ့ ကစားသမားတစ်ဦးလို ဖြစ်နေပါပြီ။ အနာဂတ်မှာလည်း ပိုပြီးတော့လည်း တိုးတက်လာဦးမှာပါ။ နောက်ပြီးတော့ သူက ခရစ္စတီယာနိုထက် ကျွန်တော်နဲ့ ပိုပြီး ဆင်တူပါတယ်။ အနာဂတ်မှာ ယူနိုက်တက်အတွက် ဆုဖလားတွေ ရယူပေးနိုင်မယ့် ကစားသမားကောင်းတစ်ယောက် ဖြစ်လာဖို့လည်း ကျွန်တော် မျှော်လင့်ပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။