တောင်ပံ ကစားသမား နာနီကတော့ မန်ယူအသင်းမှာ ကစားခဲ့စဉ် အစပိုင်းက ကွင်းလယ်လူ ပေါလ် စခိုးလ်ရဲ့ အရည်အချင်းကို အံ့အားသင့်ခဲ့ရပြီး တစ်နိုင်ငံသားချင်း ပေါ်တူဂီ တိုက်စစ်မှူး ရော်နယ်ဒိုက အကောင်းဆုံး ကစားသမား ဖြစ်တယ်လို့ Football Wave မှာ ပြောသွားခဲ့ပါတယ်။ ပေါ်တူဂီ လက်ရွေးစင် တောင်ပံကစားသမား နာနီကတော့ လွန်ခဲ့တဲ့ (၂၀၀၇) ခုနှစ်မှာ မန်ယူကို ရောက်ရှိလာခဲ့ပြီး မန်ယူအသင်းမှာ ကာလရှည် (၈) နှစ်ကြာ ကစားပြီးနောက် လွန်ခဲ့တဲ့ (၂၀၁၅) ခုနှစ်မှာ ဖာနာဘာချီအသင်းကို ပေါင် (၄.၂၅) သန်းနဲ့ အပြီးသတ် ပြောင်းရွေ့ခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Dailymail

နာနီဟာ မန်ယူအသင်းမှာ (၂၀၀၇) ခုနှစ်ကနေ (၂၀၁၅) ခုနှစ်အထိ (၈) နှစ်ကြာ ကစားခဲ့စဉ်အခါက မန်ယူအသင်းနဲ့ အတူ ပရီးမီးယားလိဂ် ဆုဖလား (၄) ကြိမ်အထိ ရရှိခဲ့ပြီး ပေါ်တူဂီ လက်ရွေးစင် အသင်းနဲ့ အတူ (၂၀၁၆) ခုနှစ်မှာ ယူအီအက်ဖ်အေ ယူရို ဖလားကို ထိုက်တန်စွာ ရရှိခဲ့ပါတယ်။ နာနီဟာ လက်ရှိအချန်မှာတော့ မေဂျာလိဂ် ပြိုင်ပွဲက အော်လန်ဒိုစီးတီးအသင်းအတွက် ကစားနေလျက် ရှိပြီး သူက မန်ယူအသင်းမှာ ကစားခဲ့တဲ့ အစောပိုင်း ကာလမှာ ကွင်းလယ်လူ ပေါလ် စခိုးလ်ရဲ့ ခြေစွမ်းကြောင့် အံ့အားသင့်ခဲ့ရတယ်လို့ အခိုင်အမာ ပြန်လည် ပြောပြသွားခဲ့ပါတယ်။

Photo Credit: Dailymail

တောင်ပံကစားသမား နာနီဟာ Football Wave နဲ့ အမေးအဖြေ ပြုလုပ်သွားခဲ့တဲ့ အခါမှာ သူက “အစက ကျွန်တော့်ကို အလွန် အံ့အားသင့်စေခဲ့ပြီး ကျွန်တော့် အထင်ကြီး လေးစားခဲ့တဲ့ သူဟာ ပေါလ် စခိုးလ်ပါပဲ။ သူက ပြိုင်ဘက်ကင်း ကစားသမားကောင်း ဖြစ်နေခဲ့ပါတယ်။ ကျွန်တော့်ရဲ့ အကြိုက်ဆုံး ကစားသမားကတော့ ရော်နယ်ဒို ဖြစ်နေဆဲပါ။ သူက အကောင်းဆုံး ကစားသမားတစ်ဦးပါပဲ။ ကျွန်တော် အရင်က ပီလီ၊ မာရာဒိုလို ကစားသမားတွေ အများကြီး မြင်ဖူးပါတယ်။ ဒါပေမဲ့ ကျွန်တော် ရော်နယ်ဒိုကိုပဲ ရွေးနေဦးမှာပါ။ သူက ကျွန်တော် ဆုဖလားတွေ အများကြီး အတူ ရယူခဲ့ဖူးတဲ့ သူပါ။ သူက ကျွန်တော် တကယ်ကို လေးစားတဲ့ သူပါပဲ။ ကိန်းဂဏန်းတွေက မလိမ်ဘဲ အကောင်းဆုံးကို ဖော်ပြလေ့ ရှိပြီး ရော်နယ်ဒိုက အကောင်းဆုံးပါ”လို့ ပြောခဲ့ပါတယ်။