မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းကြီးဖြစ်သူ လူးဝစ်နာနီက သူနဲ့ ယူနိုက်တက်မှာရော ပေါ်တူဂီအသင်းမှာပါ အသင်းဖော်တွေ ဖြစ်ခဲ့ဖူသလို သူရဲ့ စီနီယာ ကစားသမားကြီးလည်းဖြစ်တဲ့ ခရစ္စတီယာနိုရော်နယ်လ်ဒိုကို ယူနိုက်တက်အသင်းမှာပဲ ဆက်လက် ရှိနေဖို့ မျှော်လင့်မိတယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Manchester Evening News

ယူနိုက်တက်နဲ့ ပေါ်တူဂီအသင်းဖော်ဟောင်းတွေဖြစ်တဲ့ ရော်နယ်လ်ဒိုနဲ့ နာနီတို့နှစ်ဦးဟာ ယူနိုက်တက်မှာ ကစားခဲ့စဉ်တုန်းက ချန်ပီယံလိဂ်ဖလား အပါအဝင် ပရီးမီးယားလိဂ်ဖလား အက်အေဖလားတို့ကိုပါ ဆွတ်ခူးနိုင်ခဲ့သူတွေ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ နာနီက သြစတြေးလျကလပ် မဲလ်ဘုန်းဗစ်ထရီအသင်းမှာ ပါဝင်ကစားနေသလို ရော်နယ်လ်ဒိုကတော့ ယူနိုက်တက်မှာ ပါဝင်နေပေမယ့် အခုနွေဈေးကွက်ထဲမှာပဲ ယူနိုက်တက်အသင်းကနေ ထွက်ခွာချင်နေတဲ့ အခြေအနေမျိုး ရှိနေပြီး ဒီလို အခြေအနေ ဖြစ်နေတဲ့ ရော်နယ်လ်ဒိုကို ယူနိုက်တက်မှာသာ ရှိနေချင်တယ်လို့ နာနီက ဖွင့်ဟပြောဆိုလိုက်ပါတယ်။

Photo Credit : Manchester Evening News

ရော်နယ်လ်ဒိုနဲ့ ပတ်သက်ပြီး အသင်းဖော်ဟောင်း နာနီက “သူ မန်ချက်စတာယူနိုက်တက်မှာ ဆက်ရှိနေလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ သူက အရေးကြီးတဲ့ ကစားသမားတစ်ယောက် ဖြစ်ပြီးတော့ အမြဲတမ်း ခြားနားချက်တွေကို လုပ်ဆောင်နိုင်တဲ့ ကစားသမားပါ။ သူက အသင်းကို ကူညီပေးသွားဖို့အတွက် စိတ်နေစိတ်ထားမျိုး ရှိနေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော် သူ့ကို စကားပြောဖို့ ကြိုးစားခဲ့ပေမယ့် သူက အားလပ်ရက် အနားယူနေချိန်ဆိုရင် ဖုန်းမကိုင်ပါဘူး။ ဖုန်းဆက်လိုက်ပြီဆိုရင် ငါအခု မအားသေးဘူး နောက်မှပဲ ငါတို့တွေ စကားပြောကြတာပေါ့လို့သာ ပြန်ပြောပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ အသက်(၃၇)နှစ်အရွယ်ရှိ ပေါ်တူဂီ စူပါစတား ကစားသမား ရော်နယ်လ်ဒိုဟာ ယူနိုက်တက်အသင်းရဲ့ ရာသီကြို လေ့ကျင့်ခန်း အစီအစဉ်တွေ ပျက်ကွက်ခဲ့ပြီး ခြေစမ်းပွဲ ခရီးစဉ်တွေကိုလည်း လိုက်ပါခြင်းမရှိပဲ ပေါ်တူဂီနိုင်ငံမှာသာ ရှိနေသလို သူရဲ့အေးဂျင့်ဖြစ်သူ ဂျော့မန်ဒက်စ်မှာလည်း ရော်နယ်လ်ဒိုရဲ့ အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့အတွက် ဘိုင်ယန် ချယ်လ်ဆီးတို့လို ကလပ်အသင်းတွေနဲ့ ချိတ်ဆက်လျက် ရှိနေပါတယ်။ လက်ရှိမှာတော့ ရော်နယ်လ်ဒိုဟာ သူ့ကို ခေါ်ယူဖို့ ကမ်းလှမ်းထားတဲ့ ဆော်ဒီကလပ်အသင်းကို ပယ်ချထားပြီး အသင်းဟောင်း စပို့တင်းနဲ့ ထွက်ပေါ်နေတဲ့ သတင်းတွေကိုလည်း သတင်းအတုသာ ဖြစ်တယ်လို့ တုံ့ပြန်ထားခဲ့ပါတယ်။