လက်ရှိမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘောလုံးသမားတွေလည်း အသင်းဖော်တွေနဲ့ လေ့ကျင့်ခန်းဆင်းရခြင်းမရှိ ဘောလုံးပွဲတွေ ဝင်ရောက်ကစားရခြင်းမရှိတာကြောင့် ပရိ်သတ်တွေနဲ့ အဆက်အသွယ်ပြတ်တောက်မှုတွေ အရမ်းဖြစ်သွားမှာဆိုးတာကြောင့် သူတို့ရဲ့ လူမှုကွန်ယက်တွေပေါ်ကနေ ပရိသတ်နဲ့ စကားအပြန်အလှန်ပြောတာတွေ မေးခွန်းတွေ ဖြေဆိုခြင်းတို့ကို လုပ်ဆောင်နေလျက်ရှိရာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တောင်ပံကစားသမားဟောင်း လူးဝစ်နာနီရဲ့ သူရဲ့လူမှုကွန်ယက်ပေါ်ကနေ သူအကြိုက်ဆုံး ကစားသမား(၅)ယောက်ကို ရွေးချယ်ပေးသွားခဲ့ပါတယ်။

Photo Credit : Ronaldo.com

လက်ရှိ မေဂျာလိဂ်ကလပ် အော်လန်ဒိုစီးတီးအသင်းမှာ ပါဝင်ကစားလို့နေတဲ့ ပေါ်တူဂီကစားသမား နာနီဟာ မေဂျာလိဂ်ရဲ့အင်စတာဂရမ်ပေ့ချ်ကနေ သူအကြိုက်ဆုံးသော ကစားသမားတွေကို (၅)ယောက်အသင်း (၁)သင်းစာအဖြစ် ရွေးချယ်ပေးသွားခဲ့ပါတယ်။ သူအကြိုက်ဆုံး (၅)ယောက်ထဲမှာ မန်ချက်စတာယူနိုက်တက်အသင်းဖော်တွေဖြစ်တဲ့ ဒီဂီယာ ပေါလ်စခိုးတို့အပြင် သူရဲ့ပေါ်တူဂီအသင်းဖော်တွေဖြစ်ခဲ့ဖူးတဲ့ ဒေကို ဘရူနိုအဲဗက်စ်တို့အပြင် သူရဲ့အိုင်ဒေါတစ်ယောက်ဖြစ်တဲ့ ခရစ္စတီယာနိုရော်နယ်ဒိုလည်း ပါဝင်လို့နေပါတယ်။

Photo Credit : Caught Offside

ရော်နယ်ဒိုနဲ့ပတ်သက်ပြီး နာနီက “ခရစ္စတီယာနိုဆီမှာ ဘောလုံးစွမ်းရည်တွေ အကုန်ရှိတယ်။ အရမ်းကို အပြေးမြန်လွန်းတဲ့ ခြေထောက်တွေရောပဲ။ သူဒါတွေအားလုံးကို ကျွန်တော့်ဆီကနေ သင်ယူထားတာလေ(နောက်ပြောင်လျက်) ဒါကို သူသိပါတယ် သူသိမှာပါ” လို့ စနောက်ကျီစယ်ရင်း ပြောဆိုသွားခဲ့ပါတယ်။ ဆက်လက်ပြီး သူရွေးချယ်ခဲ့တဲ့ ဒီဂီယာ ပေါလ်စခိုးတို့နဲ့ပတ်သက်ပြီး “ဂိုးနေရာမှာတော့ ဒေးဗစ်ကို ရွေးထားတယ်။ သူက အရမ်းထက်မြက်တဲ့ ကစားသမားပါ။ ကမ္ဘာပေါ်မှာလည်း အကောင်းဆုံးဂိုးသမားတစ်ယောက်ပါ။ ဒါပေမယ့် သူဂိုးဖမ်းမယ်ဆိုရင်တော့ သူရဲ့မျက်မှန်တွေကို ယူလာသင့်တယ်။ အဲ့ဒါတွေမပါရင် သူက ဘာမှမမြင်ရတော့ဘူးလေ။ ပေါလ်စခိုးကတော့ ဘောလုံးထိန်းသိမ်းရမှာ အရမ်းထူးချွန်သူ အမြင်ကောင်းလွန်းသူကြီးပါ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။