မန်ချက်စတာယူနိုက်တက် လာဇီယို ဗလင်စီယာ စပို့တင်းလစ္စဘွန်းအသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးပြီးတော့ လက်ရှိမှာ မေဂျာလိဂ် ကလပ်အသင်းတစ်သင်းဖြစ်တဲ့ အော်လန်ဒိုစီးတီးအသင်းမှာ ပါဝင်နေလျက်ရှိနေတဲ့ ပေါ်တူဂီတောင်ပံတိုက်စစ်ကစားသမား လူးဝစ်နာနီက ပြီးခဲ့တဲ့ရက်ပိုင်းကပဲ သူရဲ့လူမှုကွန်ယက်ပေါ်ကနေ သူအရမ်းသဘောကျတဲ့ ဘောလုံးသမား(၅)ယောက်ကို ရွေးချယ်ပေးသွားခဲ့သလို သိပ်မကြာခင်ကပဲ သူရဲ့အကြိုက်အနှစ်သက်ဆုံး ကစားသမားနဲ့ သူနဲ့ ယှဉ်ပြိုင်ကစားခဲ့ဖူးတဲ့ ပရီးမီးယားလိဂ် ကစားသမားတွေထဲမှ အခက်ခဲဆုံး ပြိုင်ဘက်ကစားသမားကိုပါ ရွေးချယ်ပေးသွားခဲ့ပါတယ်။

Photo Credit : The Washington Post

အသက်(၃၃)နှစ်အရွှယ်ရှိပြီဖြစ်တဲ့ တောင်ပံတိုက်စစ်ကစားသမားနာနီဟာ လက်ရှိမှာ အော်လန်ဒိုစီးတီးအသင်းရဲ့ ကစားသမားတစ်ယောက်ဖြစ်နေပေမယ့်လို့ မန်ချက်စတာယူနိုက်တက်အသင်းမှာ ပါဝင်ခဲ့စဉ်တုန်းက သူရဲဲ့ကစားသမားဘဝရဲ့ အကောင်းဆုံးအချိန်တွေကို ဖြတ်သန်းခဲ့ရတာဖြစ်ကာ ပရီးမီးယားလိဂ်ဆုဖလား ချန်ပီယံလိဂ်ဆုဖလားတွေကိုလည်း ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ ၂၀၁၅ခုနှစ်မှာတော့ ယူနိုက်တက်အသင်းနဲ့ လက်တွဲဖြုတ်ပြီး ဖီနာဘာချီ စပို့တင်း ဗလင်စီယာ လာဇီယိုအသင်းတွေကို ဆက်တိုက်ပြောင်းရွှေ့ဖြစ်ခဲ့တဲ့ နာနီဟာ အခုဆိုရင် မေဂျာလိဂ်အသင်းဖြစ်တဲ့ အော်လန်ဒိုစီးတီးအသင်းရဲ့ ကစားသမားတစ်ယောက်တောင် ဖြစ်လို့နေပါပြီ။

Photo Credit : Metro

နာနီက သူ့အတွက် အခက်ခဲဆုံး ပြိုင်ဘက်ဂိုးသမားအဖြစ် ချယ်လ်ဆီးနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ချက်လက်ရွေးစင်ဟောင်း ဂိုးသမားကြီး ပီတာချက်ကို ရွေးချယ်သွားခဲ့ပါတယ်။ နာနီက “ပီတာချက်ပဲ ဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်။ ကျွန်တော် သူနဲ့ရင်ဆိုင်ရချိန်တုန်းက သွင်းဂိုးအနည်းငယ်တော့ သွင်းခဲ့ဖူးပါတယ်။ ဒါပေမယ့် သူက ကျွန်တော့်အတွက် အခက်ခဲဆုံး ဂိုးသမားတစ်ယောက် ဖြစ်နေတုန်းပါ။ အရပ်လည်းရှည်တယ် လှုပ်ရှားမှုတွေကလည်း မြန်ဆန်လွန်းပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် သူ့အတွက် အခက်ခဲဆုံးဖြစ်ခဲ့ရတဲ့ နောက်ခံလူအဖြစ် အာဆင်နယ်နဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ နောက်ခံလူဟောင်းဖြစ်တဲ့ အက်ရှ်လေကိုးကို ရွေးချယ်သွားခဲ့ပါတယ်။ နာနီက “အက်ရှ်လေကိုးကတော့ ကျွန်တော့်ကို အခက်အခဲတွေ အပေးဆုံးသူပါ။ သူနဲ့ စတင်ဆုံတွေ့စဉ်တုန်းကတော့ ကျွန်တော်အတွက် အရမ်းကို ခက်ခဲစေတဲ့ ပြိုင်ဘက်ကောင်းတစ်ယောက် ဖြစ်ခဲ့ပါတယ်။ နောက်ကြာလာတော့ သူ့ကို ကျွန်တော်ကောင်းကောင်း ကျော်ဖြတ်လာနိုင်ခဲ့တယ်” လို့ ရှင်းလင်းသွားခဲ့ပါတယ်။