မန်ချက်စတာယူနိုက်တက်အသင်းမှာ လွန်ခဲ့တဲ့ ၂၀၀၇ခုနှစ်ကနေ ၂၀၁၅ခုနှစ်အထိကို ပါဝင်ကစားခဲ့တဲဲ့ ပေါ်တူဂီတောင်ပံတိုက်စစ်ကစားသမား လူးဝစ်နာနီဟာ လက်ရှိ အမေရိကန် မေဂျာလိဂ် ဘောလုံးအသင်းတစ်သင်းဖြစ်တဲ့ အော်လန်ဒိုစီးတီးအသင်းမှာ ပါဝင်ကစားနေတာဖြစ်ပြီး ယူနိုက်တက်အသင်းမှာ ပါဝင်ကစားခဲ့စဉ်တုန်းကတော့ သူ့အတွက် ဖိအားဒဏ်တွေကို အလူးအလဲ ရင်ဆိုင်ခဲ့ရတယ်ဆိုကာ အသင်းကနေ ထွက်ခွာလိုက်မှသာ အဲ့ဒီဖိအားဒဏ်တွေကနေ လုံးဝလျော့ပါး သက်သာသွားခဲ့ရတယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : MUFC

လက်ရှိမှာ အသက်(၃၃)နှစ်အရွှယ်ရှိနေပြီဖြစ်တဲ့ ပေါ်တူဂီလက်ရွေးစင်ဟောင်း တောင်ပံကစားသမား လူးဝစ်နာနီဟာ လွန်ခဲ့တဲ့ ၂၀၀၇ခုနှစ်ကမှ စပို့တင်းလစ္စဘွန်းအသင်းကနေ ယူနိုက်တက်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား(၁)ကြိမ် ပရီးမီးယားလိဂ်ဖလား(၄)ကြိမ် ဖီဖာကလပ်ကမ္ဘာ့ဖလား(၁)ကြိမ်နဲ့ လိဂ်ဖလား(၂)ကြိမ်ဆီ ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ယူနိုက်တက်နဲ့ အဓိကဆုဖလား(၁၂)ကြိမ်အထိ ပိုင်ဆိုင်ခဲ့တယ်ဆိုပေမယ့်လည်း ယူနိုက်တက်အသင်းမှာ ပါဝင်ခဲ့ချိန်နဲ့ အသင်းကနေ ထွက်ခွာခဲ့ရချိန်မှာ ခံစားရတာခြင်းမတူတော့ပဲ ယူနိုက်တက်နဲ့ လမ်းခွဲလိုက်ချိန်မှာ ဖိအားဒဏ်တွေကနေ ပိုမိုသက်သာလာသလို ခံစားရတယ်လို့ ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။

Photo Credit : GWP Digital

နာနီက “ကျွန်တော် အမှန်တရားကိုပဲ ပြောပြပါမယ်။ ယူနိုက်တက်အသင်းကနေ အခြားအသင်းတစ်သင်းဆီကို ပြောင်းရွှေ့ခဲပြီးတဲ့နောက်မှာ ခံစားရတာခြင်းက ကွဲပြားလာခဲ့ရပါတယ်။ ယူနိုက်တက်ဆိုတာက အသင်းကြီးတစ်သင်းလည်းဖြစ်သလို အရည်အသွေးအရရော ဖွဲ့စည်းတည်ဆောက်ပုံအရရော အလွန်တရာ ကြီးမားလွန်းတယ်ဆိုတာကို အားလုံးလည်း သိကြမှာပါ။ ကျွန်တော်လည်း ဘယ်သူကိုမှ စိတ်မကျေနပ်မှုဖြစ်အောင် မလုပ်ချင်ပါဘူး။ ယူနိုက်တက်ကနေ စပို့တင်းအသင်းဆီကို ခဏလောက် ပြန်ရောက်သွားချိန်မှာတော့ အသက်ဝဝရှခွင့်ရသွားခဲ့သလို ရုပ်ပိုင်းဆိုင်ရာခွန်အားတွေရော စိတ်ပိုင်းဆိုင်ရာခွန်အားတွေပါ ပြန်လည်ရရှိလာခဲ့ပါတယ်။ စပို့တင်းကို ပြန်ရောက်ချိန်မှာ စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်ခဲ့ရပြီးတော့ အဲ့ဒီနှစ်ကလည်း ကျွန်တော့်အတွက် အကောင်းဆုံးဘောလုံးရာသီ ဖြစ်ခဲ့ပါတယ်။ ကျွန်တော်လည်း အကောင်းဆုံးကစားနိုင်ခဲ့သလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း သွင်းဂိုး(၂)ဂိုး ရယူနိုင်ခဲ့ပါသေးတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။