ယနေ့ညမှာတော့ မန်ချက်စတာယူနိုက်တက် အသင်း နဲ့ လိုက်ပ်ဇစ် အသင်း တို့ဟာ ချန်ပီယံလိဂ် အုပ်စု နောက်ဆုံး ပွဲစဉ်အဖြစ် ရင်ဆိုင်ကစားသွားကြမှာ ဖြစ်ပါတယ်။ လိုက်ပ်ဇစ် အသင်းရဲ့ နည်းပြ ဖြစ်သူ ဂျုလီယန် နေးဂဲလ်စမန်း ကတော့ ပထမအကျော့က ရှုံးပွဲဟာ ယခုညမှာကန်မယ့် ချန်ပီယံလိဂ် ပွဲအတွက် သူတို့ကို စိတ်ဓာတ်ပိုင်းဆိုင်ရာ အရ လုံးဝ အကျိုးသက်ရောက်ရှိမှာ မဟုတ်ဘူးလို့ မန်ချက်စတာ ယူနိုက်တက် အသင်းကို သတိပေးလိုက်ပါတယ်။ ချန်ပီယံလိဂ် အုပ်စု H အတွင်းမှာ ရှိကြတဲ့ မန်ချက်စတာယူနိုက်တက်၊ ပီအက်စ်ဂျီ နဲ့ လိုက်ပ်ဇစ် စတဲ့ သုံးသင်းစလုံးဟာ ရမှတ်တူ ၉ မှတ် စီ နဲ့ အသီးသီး ရပ်တည်နေကြတာ ဖြစ်ပြီး ယနေ့ညမှာ ကစားမယ့် အုပ်စုအဆင့် ပွဲစဉ်တွေ အပြီးမှာတော့ ဘယ်အသင်းတွေက နောက်တစ်ဆင့်ကို တက်ရောက် သွားနိုင်မလဲ ဆိုတာ သိရတော့မှာပါ။

Photo Credit: Standard

အိုလီဂန်းနားဆိုးလ်ရှား ရဲ့ မန်ယူ အသင်းကတော့ ရမှတ်တူ အနေအထားမှာ ရှိနေပေမယ့်လည်း ဂိုးကွာခြားချက် များတာကြောင့် အနည်းငယ်လေး သာနေတယ်လို့တော့ ဆိုရပါမယ်။ မန်ယူ နဲ့ လိုက်ပ်ဇစ် အသင်း ပွဲစဉ်မှာ သရေကျခဲ့ရင်တောင် မန်ယူအသင်းက ထိပ်တိုက် တွေ့ဆုံမှုအပိုင်းမှာ အသာစီး ရရှိထားသလို သွင်းဂိုး ပိုမိုရရှိထားတာကြောင့် နောက်တစ်ဆင့်ကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လိုက်ပ်ဇစ် အသင်းကတော့ မန်ယူအသင်းကို သေချာပေါက် အနိုင်ရရှိအောင် ကစားနိုင်မှသာ နောက်တစ်ဆင့် အတွက် သေချာမှာ ဖြစ်ပါတယ်။ မန်ယူ အသင်းအနေနဲ့ လိုက်ပ်ဇစ် အသင်းကို ပထမအကျော့ပွဲစဉ်တုန်းက ၅ ဂိုး အထိ သွင်းယူပြီး အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ နေးဂဲလ်စမန်း ကတော့ အဆိုပါ ရလဒ်ကို သူတို့ရဲ့ စိတ်ထဲမှာ ထည့်ထားမနေတော့ဘူး ဆိုပြီး ပြောပြခဲ့ပါတယ်။

Photo Credit: Standard

“ မန်ချက်စတာယူနိုက်တက် ကို ၅-၀ နဲ့ ရှုံးနိမ့်တဲ့ ပွဲစဉ်က ကျွန်တော်တို့ သင်ခန်းစာတွေ အတော်လေး ရခဲ့ပါတယ်။ ကျွန်တော်တို့ ဆိုးဆိုးဝါးဝါးကြီး မကစားခဲ့ပေမယ့် ဂိုးရလဒ်က အတော်လေး ကြီးမားခဲ့ပါတယ်။ ချုံငုံပြီးတော့ ပြောရမယ်ဆိုရင် သူတို့ရဲ့ ဂိုးဧရိယာထဲမှာ ကျွန်တော်တို့ အခွင့်အရေးအနည်းငယ်လောက်ပဲ ရှာဖွေနိုင်ခဲ့တယ်။ နောက်ဆုံးမိနစ်တွေမှာ အသင်းကစားသမားတွေ မညီညွတ်တော့ဘူး။ တိုက်စစ်ဆင်ရမှာတောင် ကျွန်တော်တို့ အတော်လေး ကြောက်နေခဲ့မိတယ်။ အင်္ဂါနေ့ညမှာတော့ ကျွန်တော်တို့ မတူအောင် ကစားဖို့ လိုပါမယ်။ သူတို့ရဲ့ နောက်တန်းတွေကို ကျော်ဖြတ်ပြီး တိုက်စစ်ဆင်ကစားဖို့ လိုပါမယ်။ ကျွန်တော်တို့ မန်ချက်စတာယူနိုက်တက် အတွက် အများကြီး ပြင်ဆင်ထားပါတယ်။ မန်ယူအသင်းက နောက်ကျသွင်းဂိုးတွေ သွင်းယူနိုင်တယ်ဆိုတာကို ဒီရာသီမှ မဟုတ်ပါဘူး၊ ရာသီပေါင်းများစွာ ပြသခဲ့ပြီးပါပြီ။ နောက်ဆုံးခရာ မမှုတ်ခင်အထိ သူတို့က အန္တရာယ် ရှိပါတယ်။ ပြီးခဲ့တဲ့ တွေ့ဆုံမှုက ရလဒ်ကို ကြည့်နေမှာ မဟုတ်ပါဘူး။ အုပ်စုက နှစ်သင်းစလုံးအတွက် ရှုပ်ထွေးပါတယ်။ ကျွန်တော်တို့ အနိုင်ရရှိပြီး နောက်တစ်ဆင့်ကို တက်ရောက်ချင်ပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။