ဘွန်ဒက်စ်လီဂါ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ရက်ဘူးလ် လိုက်ပ်ဇက်အသင်းရဲ့ နည်းပြဖြစ်သူ နစ်ဂယ်စမန်း ကတော့ ယမန်နေ့ညမှာ ကစားခဲ့တဲ့ ဒေါ့မွန်အသင်းနဲ့ ပွဲစဉ်မှာ အရှုံးပေးခဲ့ရပေမယ့် အဆိုပါ ပွဲစဉ်မှာ ဒေါ့မွန်အသင်း အတွက် သွင်းဂိုး ၂ဂိုး သွင်းယူ ပေးသွားနိုင်ခဲ့တဲ့​ နော်​ဝေ လူငယ် တိုက်စစ်မှူး ဟာလန်းကို ပွဲအပြီးမှာ ချီးကျူးမှုတွေ ပြုလုပ် သွားခဲ့ပါတယ်။ လိုက်ပ်ဇက်အသင်းရဲ့ အိမ်ကွင်းမှာ ကစားခဲ့ရတဲ့ အဆိုပါ ပွဲစဉ်မှာ နှစ်သင်းကြား ခြေစွမ်းဟာ များစွာ ကွာဟခြင်း မရှိပေမယ့် ဒေါ့မွန်အသင်းဘက်က ဟာလန်းနဲ့ ဆန်ချို ၊ မာကိုရူးစ်တို့ဟာ ပွဲအတွင်းမှာ ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာအောင် လုပ်ဆောင်ပေးခဲ့ကြပြီး ဟာလန်းဟာ ၂ဂိုး သွင်းယူ နိုင်ခဲ့ကာ ဆန်ချိုက ၁ဂိုးသွင်း ၁ဂိုး ဖန်တီး ပေးနိုင်ခဲ့ပြီယ မာကိုရူးစ်က ၂ဂိုး ဖန်တီး ပေးနိုင်ခဲ့ပါတယ်။

Photo Credit: Standard

ဘွန်ဒက်စ်လီဂါပွဲစဉ် ၁၅အဖြစ် ကစားခဲ့တဲ့ အဆိုပါ ပွဲစဉ်ဟာ အမှတ်ပေးဇယားရဲ့ အဆင့်၂နဲ့ အဆင့်၄ နေရာတွေမှာ ရှိတဲ့ အသင်းနှစ်သင်း ထိပ်တိုက် တွေ့ဆုံခဲ့တဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ပြီး လိုပ်ပ်ဇက်အသင်းဟာ ဘိုင်ယန်ကို အမှီလိုက်နိုင်ဖို့ နိုင်ပွဲ ရှာဖွေနိုင်ရန် လိုအပ်သလို ဒေါ့မွန်အသင်းကလည်း အမှတ်ပေးဇယားရဲ့ ထိပ်ပိုင်းမှာ ရှိနေတဲ့ အမှတ် ကွာဟမှုတွေ ကျဉ်းမြောင်းသွားအောင် ဒီပွဲကို အနိုင် ကစားသွားဖို့ အရေးကြီးခဲ့ပါတယ်။ ဒေါ့မွန်အသင်း အတွက် သွင်းဂိုးတွေ ကိုတော့ ပွဲကစားချိန် ၅၅မိနစ်မှာ မာကိုရူးစ်ရဲ့ ပေးပို့မှုကနေ ဆန်ချို ၊ ပွဲကစားချိန် ၇၁မိနစ်မှာ ဆန်ချိုရဲ့ ပေးပို့မှု ကနေ ဟာလန်း ၊ ပွဲကစားချိန် ၈၄မိနစ်မှာလည်း မာကိုရူးစ်ရဲ့ ပေးပို့မှုကနေ ဟာလန်းကပဲ ထပ်မံပြီး သွင်းဂိုး တစ်ဂိုး သွင်းယူ ပေးနိုင်ခဲ့ပါတယ်။ လိုက်ပ်ဇက်အသင်း အတွက် တစ်လုံးထဲသော ချေပဂိုးကိုတော့ ပွဲကစားချိန် မိနစ် ၉၀မှာ လူစားဝင် တိုက်စစ်မှူး ဆော်လော့တ်က သွင်းယူ ပေးခဲ့တာပါ။

Photo Credit: Standard

ဒေါ့မွန်အသင်းနဲ့ ပွဲစဉ် ပြီးဆုံးချိန်မှာတော့ နစ်ဂယ်စမန်းက ဟာလန်းရဲ့ ခြေစွမ်းကို အခုလိုပဲ ချီးကျူး ပြောဆိုသွားခဲ့ပါတယ်။ နစ်ဂယ်စမန်းက “ဟာလန်းကို ကျွန်တော်တို့ အနေနဲ့ ခုခံနိုင်ခဲ့သင့်ပါတယ်။ ဒါပေမယ့် အဲ့ဒီလို လုပ်ခဲ့ရင် သူ့ရဲ့ အနားမှာ ရှိနေတဲ့ ကစားသမားတွေက နေရာလွတ်တွေ အများကြီး ရသွားမှာပါ။ ဟာလန်းဟာ ခြွင်းချက်မရှိ ကောင်းမွန်တဲ့ တိုက်စစ်မှူး တစ်ဦးလည်းပါ။ ဒါ့ကြောင့်ပဲ ကျွန်တော်တို့က သူ့ကို လိုချင်ခဲ့တာပေါ့။ ဒေါ့မွန်အသင်း ကတော့ သူ့ကို ရရှိသွားပါတယ်။ ကျွန်တော့်အထင် သူက ဘွန်ဒက်စ်လီဂါ ၂၅ပွဲ ကစားထားပြီး ၂၅ဂိုး သွင်းယူထားတဲ့ ပုံစံပါ။ ဒီလိုမျိုးပဲ ဖြစ်နိုင်ပါတယ်။ ဒါက အရမ်းကို ကောင်းလွန်းပါတယ်။ မယုံကြည်နိုင်စရာ ကောင်းတဲ့ အချက်အလက် မှတ်တမ်း တစ်ခုလည်း ဖြစ်ပါတယ်” လို့ ချီးကျူး ပြောဆို သွားခဲ့ပါတယ်။