MySport Myanmar

တူရကီကို ရှုံးတဲ့ပွဲမှာ ဟားဗက်ဇ်ကို ဘယ်နောက်ခံလူအဖြစ် စတန့်ထွင် သုံးခဲ့တဲ့ နာဂယ်စမန်း

ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဂျာမဏီနဲ့ တူရကီတို့ရဲ့ နိုင်ငံတကာခြေစမ်းပွဲမှာတော့ ဂျာမဏီနည်းပြချုပ် နစ်ဂယ်စမန်းက စတန့်ထွင်မှု တခု အဖြစ် အာဆင်နယ်ရဲ့ တိုက်စစ်ကစားသမား ကိုင် ဟားဗက်ဇ်ကို ဘယ်နောက်ခံလူ အဖြစ် အသုံးပြုခဲ့တာကြောင့် ဂျာမဏီဟာ အိမ်ကွင်းမှာ တူရကီကို အရှက်တကွဲ ရှုံးနိမ့်ခဲ့ရပါတယ်။

ယူရို ၂၀၂၄ပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပခွင့် ရရှိထားတဲ့ ဂျာမဏီက ယူရိုခြေစစ်ပွဲတွေကို ကစားဖို့ မလိုအပ်တာကြောင့် ပြိုင်ဘက်ကောင်းတွေကို ဖိတ်ခေါ် ကစားရင်း ခြေသွေးနေပြီး ယနေ့မနက်မှာတော့ ဂျာမဏီက တူရကီကို ဘာလင်မြို့မှာ ဧည့်ခံ ကစားခဲ့ပါတယ်။

Photo Credit: Goal

အဆိုပါပွဲမှာ ဂျာမဏီနည်းပြချုပ် နစ်ဂယ်စမန်းက အဓိက ကစားသမားတွေ အများအပြားကို ပွဲထုတ်ခဲ့ပြီး ၄-၂-၂-၂ ကစားကွက်ကို အသုံးပြုခဲ့ကာ ထူးခြားချက်တရပ် အနေနဲ့ နစ်ဂယ်စမန်းဟာ အာဆင်နယ်မှာ ကွင်းလယ်တိုက်စစ်နဲ့ တိုက်စစ်မှူး အဖြစ်သာ ကစားနေတဲ့ ကိုင် ဟားဗက်ဇ်ကို ဘယ်နောက်ခံလူ အဖြစ် သုံးစွဲခဲ့ပါတယ်။

နစ်ဂယ်စမန်းက ကိုင် ဟားဗက်ဇ်ကို ဘယ်နောက်ခံလူ အဖြစ် သုံးစွဲခဲ့မှုဟာ ဟားဗက်ဇ်ရဲ့ အရည်အချင်းနဲ့ နေရာစုံမှာ ကစားနိုင်စွမ်းတို့ကို ယုံကြည်တာကြောင့် ဖြစ်ကြောင်း ပွဲမကစားမီ လုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပြီး နစ်ဂယ်စမန်းရဲ့ စကားကြောင့်ပဲ ပရိသတ်တွေက ကိုင် ဟားဗက်ဇ်ကို သတိထား စောင့်ကြည့်ခဲ့ကြပါတယ်။

ပွဲအစပိုင်းမှာ နစ်ဂယ်စမန်းရဲ့ နည်းစနစ်တွေက အလုပ်ဖြစ်ခဲ့ပြီး ဘယ်နောက်ခံလူ အဖြစ် ကစားခဲ့တဲ့ ဟားဗက်ဇ်က ပွဲချိန် ၅မိနစ်မှာပဲ ဂျာမဏီအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန်ကြာလာတာနဲ့အမျှ တူရကီက ဟားဗက်ဇ် ပါဝင်နေတဲ့ ဂျာမဏီရဲ့ ခံစစ်ကြောင်းကို ဒုက္ခပေးလာနိုင်ပြီး ပွဲချိန် ၃၈မိနစ်နဲ့ ပွဲချိန် ၄၇မိနစ်တို့မှာ ကာဒီယိုဂလူနဲ့ ယီဒက်ဇ်တို့က တူရကီအတွက် ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေ သွင်းယူပေးခဲ့ပါတယ်။

Photo Credit: Talksports

ပွဲချိန် ၄၉မိနစ်မှာ ဂျာမဏီ တိုက်စစ်မှူး ဖူကရက်ခ်က ဂျာမဏီအတွက် ချေပဂိုးကို သွင်းယူပေးခဲ့ပေမယ့် ဘယ်နောက်ခံနေရာမှာ အသားမကျတဲ့ ကိုင် ဟားဗက်ဇ်က ပွဲချိန် ၆၈မိနစ်မှာ ပြိုင်ဘက်ရဲ့ တိုက်စစ်ကို ကာကွယ်ရင်း ဘောလုံးကို လက်နဲ့ ထိမိခဲ့တာကြောင့် ပင်နယ်တီ ပေးခဲ့ရပြီး အဆိုပါပင်နယ်တီကို ဆာရီက အကောင်းဆုံး ကန်သွင်းကာ တူရကီ အတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးသွားခဲ့ပါတယ်။

ဂျာမဏီ ၂-၃ တူရကီ ပွဲစဉ်မှာ ကိုင် ဟားဗက်ဇ်က သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ဘယ်နောက်ခံနေရာမှာ ကစားခဲ့ရတာကြောင့် ပုံမှန်ခြေစွမ်း ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ဖြတ်တင်ဘော တလုံးမှ မထွက်ခဲ့သလို ပြိုင်ဘက်တွေနဲ့ ဘောလုံးယှဉ်လုရာမှာလည်း ၄၄ရာခိုင်နှုန်းသာ အောင်မြင်ခဲ့ပါတယ်။

Exit mobile version