MySport Myanmar

ပေါ်တူဂီနဲ့ပွဲမှာ ရော်နယ်လ်ဒိုကို အထူး သတိထားရမယ်လို့ နာဂယ်စ်မန်း ဆို

ဂျာမနီ လက်ရွေးစင်အသင်းနည်းပြ ဂျူလီယန် နာဂယ်စ်မန်းက ပေါ်တူဂီအသင်းနဲ့ Nations League ဆီမီးဖိုင်နယ် မတိုင်မီ အန္တရာယ်ရှိပြီး ထူးခြားတဲ့ ပေါ်တူဂီ ဝါရင့်ကစားသမားကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုကို သတိထားရမှာဖြစ်ကြောင်း ဝန်ခံလိုက်ပါတယ်။

အသက်(၄၀)နှစ် ရှိပြီဖြစ်ပေမယ့် ရော်နယ်လ်ဒိုဟာ ပေါ်တူဂီ လက်ရွေးစင်အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ဦးအဖြစ် ဆက်လက် တည်ရှိနေပြီး ဒီနေ့ည ဂျာမနီနဲ့ ရင်ဆိုင်ရမယ့် Nations League ပွဲစဉ်အတွက်ကိုလည်း ပေါ်တူဂီ အသင်းခေါင်းဆောင်အဖြစ်နဲ့ Allianz Arena ကွင်းထဲကို ဝင်ရောက်လာရဦးမှာပဲ ဖြစ်ပါတယ်။

Photo Credit : UEFA

ဝါရင့်တိုက်စစ်မှူးကြီး ရော်နယ်လ်ဒိုဟာ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ အယ်လ်နာဆာအသင်းအတွက် ဂိုးအများဆုံး သွင်းယူသူအဖြစ် ရာသီကို အဆုံးသတ်ခဲ့ပြီး နာဂယ်စ်မန်းရဲ့ ဂျာမနီအသင်းနဲ့ပွဲမှာ သူ့ရဲ့ နိုင်ငံတကာ သွင်းဂိုးမှတ်တမ်း (၁၃၆)ဂိုးကို ထပ်တိုးဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။

ဒီပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ဂျာမနီနည်းပြ နာဂယ်စ်မန်းက ရော်နယ်လ်ဒိုရဲ့ စွမ်းဆောင်မှုတွေကို ချီးကျူးဂုဏ်ပြုခဲ့ပေမယ့် ဝါရင့်တိုက်စစ်မှူးအနေနဲ့ ကွင်းထဲမှာ တိတ်ဆိတ်တဲ့ ညတစ်ည ဖြစ်ပါစေလို့ မျှော်လင့်ကြောင်း ဝန်ခံခဲ့ပါတယ်။ “သူဟာ နှစ်ပေါင်းများစွာ ထူးချွန်တဲ့ ကစားသမားဘဝကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဒီလို အဆင့်မြင့် ကစားသမားဘဝကို ဒီလောက်ကြာကြာ ထိန်းသိမ်းထားနိုင်တာက ထူးခြားပါတယ်။”

Photo Credit : Sportskeeda

“သူ ဂိုးတွေ အများကြီး သွင်းယူခဲ့ပြီး သူကစားခဲ့တဲ့ အသင်းတွေအပေါ်မှာ လွှမ်းမိုးမှု အများကြီး ရှိခဲ့ပါတယ်။ မနက်ဖြန်ပွဲမှာ သူ အများကြီး လွှမ်းမိုးမှု မရှိပါစေနဲ့လို့ မျှော်လင့်ပါတယ်။ သူ့အသက်အရွယ် ရှိနေပေမယ့် သူဟာ အခုထိ အန္တရာယ်ရှိပြီး ဂိုးသွင်းနိုင်စွမ်းရှိပါတယ်။ ပင်နယ်တီ ဧရိယာထဲမှာလည်း ခေါင်းတိုက်ဘောတွေ ကောင်းပါတယ်။ မနက်ဖြန်ပွဲမှာ ဒါတွေကို ကျွန်တော်တို့ သတိထားရပါမယ်။” လို့ နာဂယ်စ်မန်းက ပြောကြားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ လက်ရှိ Nations League ပြိုင်ပွဲမှာ ပေါ်တူဂီရဲ့ ဆီမီးဖိုင်နယ်အထိ သွင်းဂိုး (၆)ဂိုး သွင်းယူထားပြီး ဂိုးအများဆုံးသွင်းသူ စတုတ္ထနေရာမှာ ရပ်တည်နေပါတယ်။ ရောဘတ်တို မာတီနက်ဇ်ရဲ့ အသင်းဟာ ဂျာမနီကိုသာ ကျော်ဖြတ်နိုင်ခဲ့မယ်ဆိုရင် ဖိုင်နယ်မှာ ဥရောပချန်ပီယံ စပိန် ဒါမှမဟုတ် ပြင်သစ်တို့နဲ့ ထိပ်တိုက်တွေ့ဆုံရနိုင်ပါတယ်။

Exit mobile version