လာလီဂါကလပ် ဗီလာရီးယဲလ်အသင်းကို အနိုင်ယူ ကျော်ဖြတ်နိုင်ခြင်းမရှိပဲ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ကွာတားဖိုင်နယ်အဆင့်နဲ့ ထွက်ခွာခဲ့ရတဲ့ ဂျာမန်ဘီလူးကြီး ဘိုင်ယန်မြူးနစ်အသင်းရဲ့ နည်းပြဖြစ်သူ ဂျူလီယန်နာဂယ်စ်မန်းနဲ့ သူရဲ့မိခင်တို့ဟာ ချန်ပီယံပွဲစဉ်ပြီးနောက်မှာ အသက်အန္တရာယ်ထိ ခြိမ်းခြောက်ခံရမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ နာဂယ်လ်စမန်းကိုယ်တိုင် ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : talkSPORT

ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ ပွဲစဉ်တွေအားလုံး နိုင်ပွဲရခဲ့ပြီး (၁၆)သင်းအဆင့်မှာလည်း ဆာလ်ဇ်ဘာ့ဂ်အသင်းကို ကျော်ဖြတ်နိုင်ခဲ့တဲ့ ဘိုင်ယန်ဟာ ကွာတားအဆင့်မှာ ဗီလာရီးယဲလ်နဲ့ ဆုံတွေ့ခဲ့ရကာ ပထမအကျော့မှာ ရှုံးနိမ့်ခဲ့သလို ဒုတိယအကျော့မှာလည်း သရေရလဒ်သာ ထွက်ပေါ်ခဲ့တဲ့အတွက် ကွာတားအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီရှုံးပွဲကြောင့် ဘိုင်ယန်နည်းပြ နာဂယ်လ်စ်မန်းဟာ သူရဲ့ အင်စတာဂရမ်ပေါ်မှာ အသက်အန္တရာယ်နဲ့ပတ်သက်ပြီး ခြိမ်းခြောက်စာတွေ (၄၅၀)ခန့်အထိ ရရှိနေကြောင်းနဲ့ သူရဲ့အမေပါ သူ့အတိုင်း ခြိမ်းခြောက်ခံနေရတယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

အခုလို ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ နည်းပြနာဂယ်စ်မန်းက “ဝေဖန်မှုတွေကို ကျွန်တော် ကောင်းကောင်းကိုင်တွယ်နိုင်ပါတယ်။ အင်စတာဂရမ်ပေါ်မှာ အသက်အန္တရာယ် ခြိမ်းခြောက်မှုပေါင်း (၄၅၀)ကတော့ အခြေအနေ မတူပါဘူး။ ကျွန်တော်တို့ အနိုင်ရသည်ဖြစ်စေ ရှုံးသည်ဖြစ်စေ ပွဲတိုင်းအပြီးမှာ ဒါမျိုးတွေကို ကျွန်တောာ်တို့ ရရှိတတ်တယ်။ ကျွန်တော် ဒါတွေကို တကယ် ဖတ်လေ့မရှိပါဘူး။ အမြဲတမ်းပဲ အများကြီး ဖျက်ပစ်တတ်တယ်။ အများအားဖြင့်တော့ ပထမစာကြောင်းလောက်ကိုပဲ မြင်မိတယ်။ လူတော်တော်များများက ကျွန်တော့်ကို သတ်ချင်နေတယ်ဆိုတာ ရှင်းပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ဘောလုံးနဲ့ ဘာမှသက်ဆိုင်မှု မရှိတဲ့ ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရတဲ့နဲ့ ဘာမှမပတ်သက်တဲ့ ကျွန်တော့်အမေကိုပါ ပစ်မှတ်ထားလာခဲ့ပါတယ်။ ဒါတွေကို ဘယ်လိုဖြေရှင်းရမလဲ။ ကျွန်တော် အဓိပ္ပါယ်မရှိတာတွေကို ပြန်မပေးချင်ပါဘူး။ လူတွေက သူတို့ ရေးချင်တာကို ရေးသင့်ပေမယ့်လည်း နည်းနည်းပိုစဉ်းစားသင့်တယ်လို့ ထင်ပါတယ်။ ကျွန်တော်လည်း နားမလည်နိုင်ပါဘူး” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဒီရာသီမှာတော့ နာဂယ်လ်စ်မန်းရဲ့ ဘိုင်ယန်အသင်းဟာ ဂျာမန်ဘွန်ဒစ်လီဂါ ချန်ပီယံဆုကိုသာ ဆွတ်ခူးနိုင်ဖို့သာ ရှိနေတော့ပြီး လက်ရှိအချိန်မှာလည်း ဒုတိယနေရာက ဒေါ့မွန်အသင်းကို (၉)မှတ်ထိ ဖြတ်တောက်ထားနိုင်တာမို့ ဘွန်ဒစ်လီဂါ ချန်ပီယံဆုက ဘိုင်ယန်အတွက် သေချာသလောက်ကို ရှိနေပြီ ဖြစ်ပါတယ်။