MySport Myanmar

နာဂယ်စမန်းရဲ့ လားရားက မက်ဒရစ်မြို့ကို ဦးတည်လာနိုင်ဖွယ် ရှိနေ

ဘိုင်ယန်မြူးနစ်အသင်းကနေ ထုတ်ပယ်ခံရတော့မယ့် သက်လတ်ပိုင်းအရွယ် ဂျာမန်လူမျိုး ဘောလုံးနည်းပြ ယူလီယန်နာဂယ်စမန်းဟာ အသင်းလက်မဲ့ ဖြစ်လာတော့မှာ ဆိုပေမယ့်လည်း သူ့လို အရည်အသွေးကောင်းတွေ ပိုင်ဆိုင်ထားတဲ့ နည်းပြတစ်ဦးကို လိုချင်နေတဲ့ အသင်းတွေ အများကြီး ရှိနေမှာမို့ နာဂယ်စမန်းရဲ့ အနာဂတ် လားရာက ဂျာမနီ ပြင်ပနေရာ တစ်ခုခု ဖြစ်လာနိုင်ပါတယ်။

Photo Credit : BeSoccer

အသက်(၃၅)နှစ်အရွယ်သာ ရှိနေသေးပြီး ကမ္ဘာ့ဘောလုံးနယ်ပယ်ရဲ့ အကောင်းဆုံးသော လူငယ်နည်းပြတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူ နာဂယ်စမန်းဟာ သူရဲ့ နည်းစနစ်ပိုင်း ကျွမ်းကျင် ပိုင်နိုင်မှုတွေကြောင့် သူ့ကို မော်ရင်ဟိုပေါက်စလို့တောင် တင်စား ခေါ်ဆိုကြပါတယ်။ ဟော်ဖန်ဟင်မ်အသင်းမှာ နည်းပြဘဝကို စတင်ခဲ့တဲ့ နာဂယ်စမန်းဟာ အဲ့ဒီကနေ လိုက်ပ်ဇစ်ကို ရောက်ရှိခဲ့ပြီး လိုက်ပ်ဇစ်ကို ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်ထိပါ ပို့ဆောင်နိုင်ခဲ့တဲ့အထိ အကောင်းဆုံး စွမ်းဆောင်ပေးခဲ့ပါတယ်။ ဒါကြောင့် ဘိုင်ယန်က ၂၀၂၁ခုနှစ်မှာပဲ သူ့ကို နည်းပြသစ်အဖြစ် တာဝန်ပေးခဲ့ပါတယ်။

Photo Credit : Goal

နာဂယ်စမန်းဟာ ဘိုင်ယန်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း (၈၄)ပွဲ ကိုင်တွယ်ခဲ့ရာ ပွဲပေါင်း (၆၀)နိုင် (၁၄)ပွဲသရေ (၁၀)ပွဲရှုံးနဲ့ နိုင်ပွဲရာခိုင်နှုန်းက (၇၁.၄)%လောက်အထိကို ရှိခဲ့ပါတယ်။ ဒီလို နည်းပြမျိုးကိုမှ ဘိုင်ယန်ဘက်က ဘာကြောင့် ထုတ်ပယ်ဖို့ စဉ်းစားခဲ့ရသလဲဆိုတာက နာဂယ်စမန်းကို မကြိုက်လွန်းတာ ဒါမှမဟုတ် နာဂယ်စမန်းက အသင်းနဲ့ အဆင်မပြေတာတွေကြောင့် မဟုတ်ပဲ သောမတ်စ်တူဟယ်လ်လို ဂျာမန်သား နည်းပြတစ်ဦး လက်ရှိမှာ အလွယ်တကူ ခန့်အပ်နိုင်တဲ့ အနေအထားမျိုး ရှိနေချိန်မှာ ဒီအခြေအနေကို အလျင်အမြန် အသုံးချလိုက်တာ ဖြစ်နိုင်ပါတယ်။

Photo Credit : Goal

အခုတော့ အသင်းလက်မဲ့ ဖြစ်သွားရသူ နာဂယ်စမန်းဟာ လာမယ့် ရာသီမှာပဲ ကလပ်အသင်းကြီး တစ်သင်းဆီ ရောက်ရှိသွားနိုင်ပြီး ဒီအသင်းက ဥရောပမှာ ချန်ပီယံလိဂ်ဖလားကို အကြိမ်ရေ အများဆုံး ရယူနိုင်ခဲ့တဲ့ ရီးယဲလ် ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရီးယဲလ်အနေနဲ့ လာမယ့် ရာသီမှာ အန်စလော့တီနဲ့ လမ်းခွဲဖြစ်ခဲ့မယ်ဆိုရင် အသင်းဥက္ကဌ ပီရက်ဇ်က သူ ကာလရှည်ကြာ သဘောကျ စောင့်ကြည့်ခဲ့ရတဲ့ mini-mourinho နာဂယ်စမန်းနဲ့ အစားထိုးသွားဖွယ် ရှိလာနိုင်ပါတယ်။ ဒါကြောင့် နာဂယ်စမန်းအနေနဲ့ လာမယ့် ရာသီမှာ ရီးယဲလ်နည်းပြသစ် ဖြစ်လာနိုင်ခြေ ရှိနိုင်တယ်လို့ပဲ ဆိုရပါမယ်။

Exit mobile version