ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ နည်းပြဖြစ်သူ နစ်ဂယ်စမန်းကတော့ သေမင်းတမန်အုပ်စု ကနေ အုပ်စုဗိုလ်အဖြစ်နဲ့ ရှုံးထွက်အဆင့်ဆီ တက်လှမ်းလာနိုင်ခဲ့ပေမယ့် ၁၆သင်း ရှုံးထွက်အဆင့်မှာ ပီအက်စ်ဂျီနဲ့ ကစားရတော့မယ် ဆိုတာကို သိပြီးတဲ့နောက် သူတို့အသင်းဟာ ပွဲကျပ်တွေပဲ ကစားနေရတယ်လို့ ငြီးတွားသွားခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်က ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ အင်တာမီလန် ၊ ဘာစီလိုနာ စတဲ့ ထိပ်သီးအသင်းတွေနဲ့ တအုပ်စုထဲ ကျရောက်ခဲ့ပြီး ဘိုင်ယန်မြူးနစ် ၊ အင်တာမီလန် ၊ ဘာစီလိုနာ ၊ ပါလ်ဇန်တို့ ပါဝင်တဲ့ အုပ်စု(C)ကို ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ သေမင်းတမန်အုပ်စု (ဝါ) ပွဲအကျပ်ဆုံးအုပ်စု အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

Photo Credit: Bild

သေမင်းတမန်အုပ်စုထဲ ကျရောက်ခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်က သူတို့ရဲ့ အကောင်းဆုံးပုံစံကို ပြသနိုင်ခဲ့ပြီး အုပ်စုပွဲ ၆ပွဲစလုံးမှာ အနိုင်ရခဲ့သလို သွင်းဂိုး ၁၈ဂိုး အထိ သွင်းယူနိုင်ခဲ့ကာ ပေးဂိုးကလည်း ၂ဂိုးထဲသာ ရှိခဲ့ပါတယ်။ သေမင်းတမန်အုပ်စု ကနေ အုပ်စုဗိုလ်အဖြစ်နဲ့ ရှုံးထွက်အဆင့်ဆီ တက်လှမ်းလာနိုင်ခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်ဟာ ၁၆သင်း ရှုံးထွက်အဆင့်မှာတော့ အုပ်စု ဒုတိယ ရခဲ့တဲ့ အသင်းတွေထဲက အကောင်းဆုံးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီနဲ့ ထပ်မံ တွေ့ဆုံခဲ့ပြန်ပါတယ်။

ဒါကြောင့်ပဲ ဘိုင်ယန်မြူးနစ် နည်းပြဖြစ်သူ နစ်ဂယ်စမန်းက သက်ဆိုင်ရာလိဂ်တွေရဲ့ အကောင်းဆုံး အသင်းတွေ ဖြစ်တဲ့ အင်တာမီလန် ၊ ဘာစီလိုနာ ၊ ပီအက်စ်ဂျီ စတဲ့ အသင်းတွေနဲ့ ဆက်တိုက် တွေ့ဆုံနေခဲ့မှု အပေါ် သူတို့အသင်းဟာ အုပ်စုဗိုလ်နေရာကို ခက်ခက်ခဲခဲ ရယူနိုင်ခဲ့ပေမယ့် အုပ်စုဗိုလ်ဖြစ်ခဲ့မှုရဲ့ ကောင်းကျိုးကို မခံစားခဲ့ရဘူးလို့ ဆိုလာပါတယ်။

Photo Credit: Bild

နစ်ဂယ်စမန်းက – “ပီအက်စ်ဂျီက ကျွန်တော်တို့ အတွက် ခက်ခဲတဲ့ ပြိုင်ဘက်ပါ။ ကျွန်တော်တို့က အုပ်စုအဆင့်မှာထဲက ခက်ခဲတဲ့ ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ခဲ့ရပြီးပါပြီ။ ဒါပေမယ့် ကျွန်တော်တို့က အုပ်စုဗိုလ်အဖြစ်နဲ့ ရှုံးထွက်အဆင့်ဆီ တက်လှမ်းနိုင်ခဲ့တာရဲ့ ကောင်းကျိုးကို မခံစားခဲ့ရပြန်ပါဘူး။ ပီအက်စ်ဂျီကလည်း ကျွန်တော်တို့နဲ့ တွေ့ရလို့ ပျော်နေမယ် မထင်ပါဘူး။ ဒါပေမယ့် ပီအက်စ်ဂျီနဲ့ ကစားရမယ့်ပွဲက အဝေးကြီး လိုပါသေးတယ်။ ကျွန်တော်တို့တွေ ကမ္ဘာ့ဖလားပြိုင်ပွဲကို အရင်ဆုံး ကြည့်ရဦးမယ်လေဗျာ” လို့ ငြီးတွားသွားခဲ့တာပဲ ဖြစ်ပါတယ်။