ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ နည်းပြဖြစ်သူ နစ်ဂယ်စမန်းဟာ ဘိုင်ယန်မြူးနစ်မှာ လုပ်ပိုင်ခွင့် အနည်းငယ်သာ ရရှိနေတာကြောင့် အကယ်၍ သူ့ကိုသာ လုပ်ပိုင်ခွင့် အပြည့်အဝ ပေးမယ် ဆိုရင် ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ကို ကိုင်တွယ်ဖို့ စိတ်ဝင်စားနေကြောင်း နာမည်ကြီး ဂျာမန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၃၄နှစ် အရွယ်သာ ရှိသေးတဲ့ ဂျာမန်လူမျိုး ထိပ်တန်းနည်းပြ နစ်ဂယ်စမန်းဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံးနည်းပြ ဆယ်ဦးစာရင်းဝင်သူ တဦး ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာ ဘိုင်ယန်မြူးနစ်ကို အကောင်းဆုံး ဦးဆောင်ထားနိုင်သူလည်း ဖြစ်ပါတယ်။

Photo Credit: Sports Buzzer

ဒါပေမယ့် နစ်ဂယ်စမန်းဟာ ဘိုင်ယန်မြူးနစ်မှာ လုပ်ပိုင်ခွင့် အကန့်အသတ်သာ ရရှိထားပြီး ကစားသမား အရောင်းအဝယ်နဲ့ စာချုပ်သစ် ချုပ်ဆိုတဲ့ ကိစ္စရပ်တွေမှာ ဘာတခုမှ လုပ်ပိုင်ခွင့် မရထားပဲ အသင်းရဲ့ ကစားကွက်နဲ့ နည်းစနစ်ပိုင်းကိုသာ အဓိကထား ကိုင်တွယ်နေရသူပါ။

ဒါကြောင့်ပဲ နစ်ဂယ်စမန်းက သူ့ကို လုပ်ပိုင်ခွင့် အပြည့်အဝ ပေးမယ့် အသင်းတသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပြီး လတ်တလောမှာ အမြဲတမ်း နည်းပြတဦးကို ခန့်အပ်ဖို့ ကြိုးစားနေတဲ့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ဟာ သူ့အတွက် ကောင်းမွန်တဲ့ ရွေးချယ်မှု တခု ဖြစ်နေကြောင်း ဂျာမန် အခြေစိုက် Sky Sports သတင်းဌာနက ဆိုပါတယ်။

Photo Credit: Sports Buzzer

ဒါပေမယ့် နစ်ဂယ်စမန်းက ဘိုင်ယန်မြူးနစ်ကို စွန့်ခွာပြီး မန်ချက်စတာ ယူနိုက်တက်ဆီ မပြောင်းရွှေ့ခင် သူ့အတွက် ခိုင်မာတဲ့ ကတိကဝတ်တွေ ၊ ဆုဖလားတွေ ရယူနိုင်မယ့် အားကစား အစီအမံ စတဲ့ အချက်တွေကို အရင်ဆုံး မြင်တွေ့ချင်နေပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ ဘုတ်အဖွဲ့ကသာ သူ့ကို လုံလောက်တဲ့ အစီအမံနဲ့ လုပ်ပိုင်ခွင့်တွေ ပေးမယ် ဆိုရင် မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖွယ် ရှိကြောင်း နာမည်ကြီး ဂျာမန် သတင်းထောက် တဦး ဖြစ်သူ မယ်လီဆာက အတည်ပြု ပြောကြားထားပါတယ်။