ဂျာမနီ လက်ရွေးစင် ဘောလုံးအသင်းရဲ့ နည်းပြဖြစ်သူ ဂျူလီယန် နာဂယ်စမန်းက သူ့အနေနဲ့ ဂျာမနီအသင်းရဲ့ နည်းပြရာထူးကို လက်ခံ ရယူလိုက်ခြင်းအပေါ် နောင်တရစရာ ရှိမနေဘူးလို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

အသက် (၃၆)နှစ်အရွယ် ဂျာမနီလူမျိုး လူငယ် ဘောလုံးနည်းပြ နာဂယ်စမန်းဟာ ၂၀၂၃ မတ်လကပဲ ဘိုင်ယန်နည်းပြ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပြီး အသင်းလက်မဲ့ ဖြစ်နေချိန် (၆)လအကြာမှာ ဂျာမနီအသင်းရဲ့ နည်းပြရာထူးကို တာဝန်ယူခွင့် ရရှိလာခဲ့ပါတယ်။

 

Photo Credit : DFB

ဂျာမနီအသင်းက နည်းပြဟောင်း ဟန်ဆီ ဖလစ်ခ် လက်ထက်မှာ ရလဒ်တွေ ဆက်တိုက် ဆိုးရွှားလာခဲ့တာကြောင့် နည်းပြအပြောင်းအလဲ လုပ်လိုက်ရပြီး စက်တင်ဘာမှာပဲ ဖလစ်ခ်နေရာမှာ နာဂယ်စမန်းနဲ့ အစားထိုးလိုက်ရတာ ဖြစ်ပါတယ်။

နာဂယ်စမန်းဟာ အသက်အရွယ် အရမ်းငယ်ရွယ်လွန်းတဲ့ နည်းပြတစ်ဦး ဖြစ်ပေမယ့်လည်း လိုက်ပ်ဇ် ဘိုင်ယန်တို့မှာ သူရဲ့ စွမ်းဆောင်ရည်ကောင်းတွေကို ပြသထားနိုင်ခဲ့ပြီး နည်းစနစ်ကောင်းတွေပါ ပိုင်ဆိုင်ထားတဲ့ နည်းပြတစ်ဦးအဖြစ်ပါ သတ်မှတ်ခံထားရသူလည်း ဖြစ်ပါတယ်။

 

Photo Credit : Fabrizio Romano

လက်ရှိမှာတော့ နာဂယ်စမန်းက ဂျာမနီအသင်းအတွက် (၄)ပွဲသာ ကိုင်တွယ်ထားရသေးပြီး သူရဲ့ ပွဲဦးထွက်မှာ အနိုင်ရလဒ်နဲ့ တာထွက်လှခဲ့ပေမယ့် နောက်ဆုံး (၃)ပွဲဆက်တိုက် နိုင်ပွဲပျောက်ထားရပါတယ်။ “ကျွန်တော် ဂျာမနီ နည်းပြရာထူးကို ရယူခဲ့လို့ နောင်တ မရပါဘူး။ ဒီအလုပ်ကို လုပ်ကိုင်ရလို့ ကျွန်တော် ပျော်ရွှင်နေပါတယ်။”

“အခုအခြေအနေကနေ ရုန်းထွက်နိုင်ဖို့ ကျွန်တော် တက်စွမ်းသမျှ လုပ်ဆောင်ရမှာပါ။ ရလဒ်တွေအတွက် စိတ်မကောင်းပေမယ့် စိတ်တော့မပျက်မိပါဘူး။ စိတ်တော့ ထိခိုက်ရမိပါတယ်။ ဒါပေမယ့် အခု ကျွန်တော်တို့ စကားနည်းနည်းပဲ ပြောပြီး ကွင်းထဲမှာပဲ ဒီထက်ပိုပြီး လုပ်ဆောင်ရပါလိမ့်မယ်။” လို့ နာဂယ်စမန်းက ပြောဆိုသွားခဲ့ပါတယ်။