ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီးကလပ် ဘိုင်ယန်မြူးနစ်အသင်းရဲ့ နည်းပြဖြစ်သူ နစ်ဂယ်စမန်း ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်မှာ ဘာစီလိုနာအသင်းကို အဝေးကွင်းမှာ ၃ဂိုးပြတ် နိုင်ခဲ့ပြီးနောက် လီယွန်နယ် မက်ဆီ မရှိတော့တဲ့ ဘာစီလိုနာအသင်းဟာ အနိုင်ယူဖို့ လွယ်လွန်းတယ်လို့ ဆိုလိုက်ပါတယ်။

ဘာစီလိုနာအသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ဟာ တချိန်က ချန်ပီယံလိဂ် ဆုဖလား အတွက် အဓိက ပြိုင်ဘက်တွေ ဖြစ်ခဲ့ကြပေမယ့် လက်ရှိမှာတော့ ဘိုင်ယန်မြူးနစ်အသင်းဟာ ဘာစီလိုနာအသင်းထက် အတော်လေးကို ခြေစွမ်းပိုင်း သာလွန်နေပြီး ဘာစီလိုနာအသင်း ကတော့ ပြန်လည် တည်ဆောက်ရေးကို ဖိဖိစီးစီး လုပ်ဆောင်ရမယ့် အချိန်ကို ရောက်နေပါပြီ။

Photo Credit: Express

ဘာစီလိုနာအသင်းရဲ့ နူးကမ့်ကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းဟာ ဘာစီလိုနာအသင်းကို ပွဲစပွဲဆုံး ဖိအားပေး ကစားနိုင်ခဲ့ပြီး အသင်းရဲ့ ကွင်းလယ်တိုက်စစ် ကစားသမား မူလာနဲ့ အဓိက တိုက်စစ်မှူး လီဝမ်ဒေါစကီးတို့ရဲ့ သွင်းဂိုးတွေနဲ့ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။

ပွဲအပြီးမှာတော့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ နည်းပြ နစ်ဂယ်စမန်းက ဘာစီလိုနာအသင်းမှာ မက်ဆီ မရှိတော့တာဟာ သူတို့အသင်း အတွက် အတော်လေးကို ကောင်းမွန်ပြီး မက်ဆီ မရှိတော့တဲ့ အတွက် ပွဲကို ထိန်းချုပ်ကစားဖို့ လွယ်ကူခဲ့ကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Express

နစ်ဂယ်စမန်းက – “မက်ဆီက မတူညီတဲ့ အခိုက်အတန့်တွေမှာ အသင်းကို ကူညီနိုင်တဲ့ ကစားသမားမျိုးပါ။ ဒီလို ထိပ်တန်း ကစားသမား တဦး မရှိတဲ့ အတွက် ကျွန်တော်တို့တွေ ကစားရ ပိုလွယ်ခဲ့တာတော့ အမှန်ပါပဲ။ ဒါပေမယ့် ဘာစီလိုနာအသင်းက အသင်းကြီးတသင်း ဖြစ်နေဆဲပါ။ ကျွန်တော်တို့တွေ အရမ်းကောင်းတဲ့ ခံစစ် ကစားပုံကို ပြနိုင်ခဲ့တယ်။ ပြီးတော့ ဒုတိယပိုင်းမှာ ကစားပုံကို အနည်းငယ် ပြောင်းလဲခဲ့ပြီး ပိုကောင်းတဲ့ ထိန်းချုပ်မှုတွေ ပြုလုပ်နိုင်ခဲ့သလို အခွင့်အရေး ဖန်တီးမှုတွေလည်း လုပ်နိုင်ခဲ့ပါတယ်။ အထူးသဖြင့် ကျွန်တော်တို့က နေရာလွတ်တွေ အများကြီး ရခဲ့ပါတယ်” ဆိုပြီး ပြောကြားခဲ့တာပါ။