ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ နည်းပြဖြစ်သူ နစ်ဂယ်စမန်း ကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဟော့ဖန်ဟိမ်းနဲ့ ပွဲစဉ်မှာ တဖက် တဂိုးစီ သရေရလဒ်သာ ထွက်ပေါ်ခဲ့တာဟာ ဟော့ဖန်ဟိမ်းကွင်းရဲ့ မြက်ခင်းပြင်က ခြောက်သွေ့လွန်းနေတာကြောင့် ဖြစ်ကြောင်း ပွဲအပြီးမှာ ဆင်ခြေပေးသွားခဲ့ပါတယ်။

ဘွန်ဒက်လီဂါပြိုင်ပွဲရဲ့ ပွဲစဉ်(၂၆) အဖြစ် ဟော့ဖန်ဟိမ်းရဲ့ အိမ်ကွင်း PreZero Arenaမှာ ဟော့ဖန်ဟိမ်းနဲ့ ဘိုင်ယန်မြူးနစ်တို့ ယှဉ်ပြိုင် ကစားခဲ့ကြရာ ဧည့်သည် ဘိုင်ယန်မြူးနစ်က ခြေစွမ်းပိုင်းမှာ သိသိသာသာ အသာစီး ရယူနိုင်ခဲ့ပေမယ့် ရလာတဲ့ အခွင့်အရေးတွေကို အပိုင် မသုံးမချနိုင်ခဲ့တာကြောင့်ပဲ တဖက် တဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးခဲ့ကာ တယောက် တမှတ်စီ ခွဲယူခဲ့ကြပါတယ်။

Photo Credit: Eurosports

အဆိုပါပွဲစဉ်ရဲ့ အဖွင့်ဂိုးကို ဟော့ဖန်ဟိမ်းက စတင် ရရှိခဲ့တာ ဖြစ်ပြီး ဟော့ဖန်ဟိမ်း အတွက် သွင်းဂိုးကို ပွဲကစားချိန် ၃၂မိနစ်မှာ ကွင်းလယ်တိုက်စစ် ကစားသမား ဘွမ်ဂါ့တ်နာက သွင်းယူပေးခဲ့ကာ ဘိုင်ယန်မြူးနစ် အတွက် ချေပဂိုးကိုတော့ ပွဲကစားချိန် ၄၅+၃မိနစ်မှာ တိုက်စစ်မှူး လီဝမ်ဒေါစကီးက သွင်းယူပေးခဲ့တာပါ။

ဘိုင်ယန်မြူးနစ်ဟာ ဟော့ဖန်ဟိမ်းကို အဝေးကွင်းမှာ သရေရလဒ်သာ ရရှိအောင် ကစားနိုင်ခဲ့တာကြောင့် အမှတ်ပေးဇယားရဲ့ ဒုတိယနေရာက ဒေါ့မွန်ထက် ၂ပွဲပို ကစားထားရာမှာ ရမှတ် ၁၀မှတ်သာ အသာရတော့ပြီး အကယ်၍ ဒေါ့မွန်ကသာ လက်ကျန်နှစ်ပွဲစလုံးကို အနိုင်ရရှိခဲ့ပါက သူတို့နှစ်သင်းစလုံးရဲ့ ကြားမှာ ရမှတ် ကွာဟချက်က ၄မှတ်သာ ကျန်ရှိပါတော့မယ်။

Photo Credit: Eurosports

ဒါကြောင့်ပဲ ဘိုင်ယန်မြူးနစ်နည်းပြ နစ်ဂယ်စမန်းက ဟော့ဖန်ဟိမ်းကို အဝေးကွင်းမှာ သရေကျခဲ့တဲ့ အတွက် အတော်လေးကို ဒေါသထွက်နေပြီး ဟော့ဖန်ဟိမ်းရဲ့ မြက်ခင်းပြင်က ခြောက်သွေ့လွန်းနေတာကြောင့် သူတို့အသင်းဟာ ကစားရ ခက်ခဲခဲ့ကြောင်း ပွဲအပြီးမှာ ဆင်ခြေပေးသွားခဲ့ပါတယ်။

နစ်ဂယ်စမန်းက – “ကွင်းရဲ့ မြက်ခင်းပြင်က ကန္တာရ တခုလို ခြောက်သွေ့နေတာပါ။ ဒါကြောင့် ဘောလုံးက မြက်ခင်းနဲ့ ထိလိုက်တိုင်း ဆိုးဆိုးဝါးဝါး ခုန်ထွက်နေပါတယ်။ ဒီအချက်ကြောင့်ပဲ ဘောလုံးကို ထိချက်ကောင်းကောင်းနဲ့ ကစားနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ ကျွန်တော်က ဟော့ဖန်ဟိမ်းရဲ့ မြက်ခင်းပြင် ထိန်းသိမ်းတဲ့ ဝန်ထမ်းတွေကို စော်ကားတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီလို မြက်ခင်းပြင်မှာ ကစားရတာက စိမ်းစိုနေတဲ့ မြက်ခင်းပြင်မှာ ကစားရတာထက် ပိုခက်ခဲတာတော့ အမှန်ပါ” လို့ ပြောကြားသွားခဲ့တာပါ။