MySport Myanmar

အသင်းဟောင်း ဘိုင်ယန်မြူးနစ်ဆီ ပြန်ပြောင်းဖို့ တရားဝင် ဆွေးနွေးနေတဲ့ နာဂယ်စမန်း

ဂျာမဏီအသင်းရဲ့ ယာယီနည်းပြချုပ် အဖြစ် တာဝန်ယူ ဆောင်ရွက်နေတဲ့ နာဂယ်စမန်းက ဥရောပ ထိပ်သီးအသင်း များစွာရဲ့ ချဉ်းကပ်မှုတွေကို ရရှိနေပေမယ့် ဂျာမဏီအသင်းကို စွန့်ခွာပြီးရင် သူ့ရဲ့ အသင်းဟောင်း ဘိုင်ယန်မြူးနစ်ဆီ ပြန်လည် ပြောင်းရွှေ့ဖို့သာ နီးစပ်နေကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ဖော်ပြလာခဲ့ပါတယ်။

အသက် ၃၆နှစ် အရွယ်သာ ရှိသေးတဲ့ ဂျာမဏီထိပ်သီးနည်းပြ နာဂယ်စမန်းက ဟော့ဖန်ဟိမ်း ၊ လိုက်ပ်ဇစ် ၊ ဘိုင်ယန်မြူးနစ် စတဲ့ ဘွန်ဒက်လီဂါ နာမည်ကြီးကလပ်တွေကို ကိုင်တွယ်ခဲ့ဖူးသူ ဖြစ်ပြီး လက်ရှိမှာတော့ သူက ဂျာမဏီလက်ရွေးစင်အသင်းနဲ့ ယူရို ၂၀၂၄ပြိုင်ပွဲ အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Forbes

နာဂယ်စမန်းက ဂျာမဏီအသင်းနဲ့ ယာယီစာချုပ် ချုပ်ဆိုထားပေမယ့် သူ့ရဲ့ စွမ်းဆောင်ရည်ကောင်းတွေကြောင့် ပရီးမီးယားလိဂ် အင်အားကြီးကလပ်တွေ ဖြစ်ကြတဲ့ မန်ချက်စတာ ယူနိုက်တက် ၊ လီဗာပူး ၊ ချယ်လ်ဆီး ၊ နယူးကာဆယ် စတဲ့ အသင်းတွေက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြသလို ချဉ်းကပ်မှုတွေလည်း လုပ်နေကြပါတယ်။

နာဂယ်စမန်းကလည်း လက်ရွေးစင်နည်းပြ အဖြစ် လုပ်ကိုင်နေပေမယ့် ကလပ်အသင်းနည်းပြ အဖြစ် ပြန်လည် လုပ်ကိုင်ချင်နေတာကြောင့် သူ့ဆီ ရောက်လာတဲ့ ကမ်းလှမ်းမှုတွေကို လက်ခံ စဉ်းစားနေပြီး ပရီးမီးယားလိဂ်ကလပ်တွေ အပြင် ဘိုင်ယန်မြူးနစ်ကလည်း နာဂယ်စမန်းကို သူတို့အသင်းဆီ ပြန်ခေါ်ဖို့ ကြိုးစားနေပါတယ်။

Photo Credit: Goal

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်က ပြီးခဲ့တဲ့ ဘောလုံးရာသီ ကုန်ခါနီးမှာ သူတို့ရဲ့ နည်းပြချုပ်ရာထူး ကနေ ဖယ်ရှားထားတဲ့ နာဂယ်စမန်းကို အသင်းဆီ ပြန်လည် ခေါ်ယူဖို့ ဆွေးနွေးမှုတွေ လုပ်နေပြီး နာဂယ်စမန်းကလည်း ဘိုင်ယန်မြူးနစ်ဆီ ပြန်သွားဖို့ စိတ်ဝင်စားနေတာကြောင့် နာဂယ်စမန်းဟာ ဘိုင်ယန်မြူးနစ်ရဲ့ နည်းပြသစ် ဖြစ်လာဖို့ အနီးစပ်ဆုံး ဖြစ်နေကြောင်း သိရှိရပါတယ်။

ဘိုင်ယန်မြူးနစ်က ၂၀၂၁ခုနှစ်မှာ နာဂယ်စမန်းကို လိုက်ပ်ဇစ်ဆီ ကနေ ခေါ်ယူခဲ့ချိန်မှာ ၂၀၂၆ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုခဲ့တာကြောင့် နာဂယ်စမန်းနဲ့ ဘိုင်ယန်မြူးနစ်တို့ ကြားထဲမှာ စာချုပ်သက်တမ်း ကျန်နေဆဲ ဖြစ်ပြီး နာဂယ်စမန်းကသာ ဘိုင်ယန်မြူးနစ်ဆီ ပြန်လာဖို့ ခေါင်းညိတ်လိုက်တာနဲ့ ဘိုင်ယန်မြူးနစ်က နာဂယ်စမန်းကို နည်းပြသစ် အဖြစ် တရားဝင် ကြေညာမယ်လို့လည်း ဘိုင်ယန်မြူးနစ်နဲ့ နီးစပ်သူတွေက ဆိုထားပါတယ်။

Exit mobile version