ယခုတပတ် ဘွန်ဒက်လီဂါပြိုင်ပွဲရဲ့ အကောင်းဆုံးပွဲလို့ သတ်မှတ်ခံထားရတဲ့ ဒေါ့မွန်နဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ ပွဲစဉ်မှာတော့ နှစ်ဖက်သွင်းဂိုးတွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ အတူ တဖက် ၂ဂိုးစီနဲ့ သရေရလဒ် ထွက်ပေါ်ခဲ့ပြီး ပွဲကလည်း ပရိသတ်တွေ အတွက် အတော်လေးကို ကြည့်ကောင်းခဲ့တဲ့ ပွဲတပွဲ ဖြစ်ခဲ့ပါတယ်။

ဒေါ့မွန်ရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ အဆိုပါပွဲစဉ်မှာ နှစ်သင်းစလုံးက ခြေစွမ်းပိုင်း များစွာ ကွာခြားလှခြင်း မရှိခဲ့သလို ဧည့်သည် ဘိုင်ယန်မြူးနစ်ဟာ ၀-၂ ဆိုတဲ့ ရလဒ်နဲ့ ၂ဂိုးပြတ် ပွဲကို ဦးဆောင်နိုင်ခဲ့ပေမယ့် အိမ်ရှင် ဒေါ့မွန်ရဲ့ အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်ကြောင့် ပွဲဟာ နောက်ဆုံးမိနစ် အထိ အသက်ဝင်ခဲ့သလို ဒေါ့မွန်ကလည်း ဝါရင့် တိုက်စစ်မှူး မိုဒက်စ်တေရဲ့ နောက်ဆုံးမိနစ် ချေပဂိုးနဲ့အတူ အိမ်ကွင်းမှာ မျက်နှာပန်း လှသွားခဲ့ပါတယ်။

Photo Credit: Sports Bible

အဆိုပါပွဲစဉ်မှာ ဘိုင်ယန်မြူးနစ် အတွက် ဦးဆောင်ဂိုးတွေကို ပွဲကစားချိန် ၃၃မိနစ်မှာ ဂေါ်ရက်ဇ်ကာ ၊ ပွဲကစားချိန် ၅၃မိနစ်မှာ ဆာနေးတို့က သွင်းယူပေးခဲ့ကြတာ ဖြစ်ပြီး ဒေါ့မွန်အတွက် ချေပဂိုးတွေကိုတော့ ပွဲကစားချိန် ၇၄မိနစ်မှာ မူခိုခိုနဲ့ ပွဲကစားချိန် ၉၀+၅မိနစ်မှာ တိုက်စစ်မှူး မိုဒက်စ်တေတို့က အသီးသီး သွင်းယူပေးခဲ့ကြတာပါ။

ဒေါ့မွန် ၂-၂ ဘိုင်ယန်မြူးနစ် ပွဲစဉ်က ပွဲကောင်းတပွဲ ဖြစ်ခဲ့ပေမယ့် ကွင်းလယ်ဒိုင် အိုက်တီကင်ရဲ့ ဆုံးဖြတ်ချက် တချို့ဟာ အငြင်းပွားစရာလေးတွေ ဖြစ်ခဲ့ပြီး အထူးသဖြင့် ဒေါ့မွန် ကွင်းလယ်လူ ဘယ်လင်ဟမ်ရဲ့ ကန်ချက်ကြောင့် ဘိုင်ယန်မြူးနစ် ဘယ်နောက်ခံလူ အယ်ဖွန်ဆို ဒေးဗီးစ် တယောက် မျက်နှာကွဲသွားခဲ့ပေမယ့် အိုက်တီကင်ဟာ ဘယ်လင်ဟမ်ကို အဝါကတ်တောင် မပြသခဲ့တဲ့ ဖြစ်ရပ်ဟာ လူပြောအများဆုံး ဖြစ်နေတဲ့ အငြင်းပွားစရာ ကိစ္စပဲ ဖြစ်ပါတယ်။

Photo Credit: Sports Bible

ဘယ်လင်ဟမ်နဲ့ ဒေးဗီးစ်တို့က လေပေါ်ကနေ ကျလာတဲ့ ဘောလုံးကို အပြိုင် လုယူဖို့ ကြိုးစားချိန်မှာ ဘယ်လင်ဟမ်ရဲ့ ဖိနပ်ဟာ ဒေးဗီးစ်ရဲ့ မျက်နှာကို ထိမိသွားတာကြောင့် ဒေးဗီးစ်ဟာ မျက်နှာကွဲသွားခဲ့သလို လူစားလဲမှုပါ လုပ်ခဲ့ရပေမယ့် အိုက်တီကင်ကတော့ ဘယ်လင်ဟမ်ဟာ ဒေးဗီးစ်ကို ရည်ရွယ်ချက်ရှိရှိ ပြစ်ဒဏ်ကျူးလွန်ခဲ့တာ မဟုတ်ဘူးလို့ ယူဆခဲ့တာကြောင့် အပြစ်မပေးဖို့သာ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါပေမယ့် ဘောလုံးရေးရာ ကျွမ်းကျင်သူတွေကတော့ ဘယ်လင်ဟမ်ရဲ့ လုပ်ရပ်မှာ ရည်ရွယ်ချက်ပါသည် ဖြစ်စေ ၊ မပါသည် ဖြစ်စေ ဥပဒေပ ကစားဟန် တခု ဖြစ်တာကြောင့် ကွင်းလယ်ဒိုင် အိုက်တီကင်အနေနဲ့ ဘယ်လင်ဟမ်ကို အနိမ့်ဆုံး အဝါကတ်ပြား ပြသသင့်ကြောင်းနဲ့ အကယ်၍ ဘယ်လင်ဟမ်ကသာ အဝါကတ် ပြခံလိုက်ရရင် ၂ဝါ ၊ ၁နီ ဖြစ်သွားဖို့ ရှိနေတာကြောင့် ပွဲရဲ့ ရလဒ်ဟာ ပြောင်းလဲသွားနိုင်ကြောင်း သုံးသပ်နေကြပါတယ်။

Photo Credit: Sports Bible

ဘိုင်ယန်မြူးနစ်ရဲ့ နည်းပြဖြစ်သူ နစ်ဂယ်စမန်းကလည်း ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သတ်ပြီး ကျေနပ်မှု မရှိပဲ ဘယ်လင်ဟမ်ဟာ မဖြစ်မနေ အနီကတ် ပြခံရသင့်တယ်လို့ ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားပါတယ်။ နစ်ဂယ်စမန်းက – “ဘယ်လင်ဟမ်က ဒေးဗီးစ်ရဲ့ မျက်နှာကို ခြေထောက်နဲ့ ကန်ခဲ့တာပါ။ ဒါကြောင့် သူ့ရဲ့ ကစားဟန်က ဥပဒေပ ကစားဟန် တခုပါ။ ဒီနေရာမှာ ဘယ်လင်ဟမ်က ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာလား ၊ မလုပ်ခဲ့ဘူးလား ဆိုတာကိုတော့ သံသယဝင်စရာ ရှိပါတယ်။ ဒါပေမယ့် မျက်နှာကို ခြေထောက်နဲ့ ကန်ခဲ့တဲ့ လုပ်ရပ်ဟာ အနီကတ် ပြကို ပြရမယ့် ကစားဟန် တခု ဖြစ်တဲ့ အကြောင်းကို လွန်ခဲ့တဲ့ ၄လကပဲ ဒိုင်အဖွဲ့ချုပ်က ကျွန်တော်တို့ကို သင်တန်းပေးပြီး အသိပေးခဲ့တဲ့ စည်းမျဉ်းတခုပါ” လို့ ပြောကြားသွားခဲ့တာပါ။