ဘွန်ဒစ်လီဂါပြိုင်ပွဲရဲ့အသက်အငယ်ဆုံးသောနည်းပြအဖြစ် မှတ်တမ်းတင်ထားခံရတဲ့ လိုက်ဇ်ပစ်အသင်းရဲ့နည်းပြဖြစ်သူ ဂျုလီယန်နီဂယ်လ်စ်မန်းက ရီးရဲလ်မက်ဒရစ်အသင်းက သူ့ကို လွန်ခဲ့တဲ့ (၂)နှစ်တုန်းက နည်းပြသစ်အဖြစ် ခန့်အပ်သွားဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း သူဘက်က ဒီကမ်းလှမ်းမှုကို အသေအချာ စဉ်းစားတွေးတောပြီးနောက်မှာ ပယ်ချခဲ့ကြောင်းနဲ့ ပယ်ချခဲ့ရတာကလည်း ရီးရဲလ်နည်းပြဖြစ်လာဖို့ သူ့အတွက် အချိန်မတန်သေးဘူးလို့ စဉ်းစားမိခဲ့တာကြောင်းဖြစ်ကြောင်း ဝန်ခံပြောဆိုလိုက်ပါတယ်။

Photo Credit : Marca

လက်ရှိမှာတောင် အသက်(၃၃)နှစ်သာရှိသေးတဲ့ ဂျာမန်လူမျိုး ဘောလုံးနည်းပြနီဂယ်လ်စ်မန်းဟာ လူငယ်ဘောလုံးသမားဘဝမှာပဲ ကစားသမားဘဝကို ရှေ့ဆက်လို့မရတော့လောက်အောင် ဒူးဒဏ်ရာဆိုးရဲ့ ဒုက္ခပေးခဲ့မှုကြောင့် စီနီယာကစားသမားဘဝကို မကူးပြောင်းရခင်မှာပဲ နည်းပြဘဝထဲကို ရောက်ရှိလာခဲ့ရပါတယ်။ အသက်(၂၆)နှစ်မှာ ဟော့ဖန်ဟိမ်းအသင်းရဲ့နည်းပြဖြစ်လာခဲ့သူ့ကို “မီနီမော်ရင်ဟို” “မော်ရင်ဟိုပေါက်စလေး” လို့ပါ တင်စားခေါ်ဆိုရလောက်တဲ့အထိ အသင်းနဲ့ စတင်လက်တွဲခဲ့တဲ့နှစ်မှာ အသင်းသမိုင်းတလျောက် ချန်ပီယံလိဂ်ဝင်ခွင့်ကို ပထမဆုံးအကြိမ်အဖြစ် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

Photo Credit : Marca

လက်ရှိ နီဂယ်လ်စ်မန်းကိုင်တွယ်နေတဲ့ လိုက်ဇ်ပစ်အသင်းရဲ့နည်းပြအဖြစ် ခန့်အပ်မခံရခင် တစ်နှစ်အလို ရီးရဲလ်မက်ဒရစ်အသင်းက နည်းပြဇီဒန်းနဲ့ လက်တွဲဖြုတ်ခဲ့တဲ့နောက် အသင်းရဲ့လစ်လပ်နေတဲ့ နည်းပြနေရာအတွက် စိတ်ဝင်စားစရာကောင်းတဲ့ နည်းပြလေး နီဂယ်လ်စ်မန်းကို သဘောကျလာခဲ့တာကြောင့် ခန့်အပ်ဖို့ ကြိုးစားခဲ့ပေမယ့် ဒီကမ်းလှမ်းမှုကို သူ့ဘက်ကနေ ငြင်းဆန်ပယ်ချခဲ့ကြောင်း နီဂယ်လ်စ်မန်းကိုယ်တိုင် ဝန်ခံပြောဆိုလာခဲ့ပါတယ်။ နီဂယ်လ်စ်မန်းက “အဲ့ဒီတုန်းက သူတို့ဘက်ကနေ ဖုန်းစခေါ်လာတယ်။ ဒါပေမယ့်လည်း အဆုံးသတ်တော့ ကျွန်တော်ရဲ့အနာဂတ်ကို ကျွန်တော်ကိုယ်တိုင်ကပဲ ဆုံးဖြတ်ပေးလိုက်တယ်။ ကျွန်တော် ရီးရဲလ်မက်ဒရစ်လိုအသင်းမှာ နည်းပြဖို့အတွက် အချိန်မတန်သေးဘူးလို့ပဲ ထင်မိတယ်။ ကျွန်တော်က သူတို့ပစ်မှတ်ထားနေတဲ့ နည်းပြအနည်းအကျဉ်းထဲမှာ ပါဝင်နေခဲ့တဲ့သူပေါ့။ ကျွန်တော်အတွက်တော့ ဒီဆုံးဖြတ်ချက်က အရေးကြီးခဲ့ပါတယ်။ ဒါပေမယ့် လာမယ့်အနာဂတ်မှာ ရီးရဲလ်ဘက်ကနေ နည်းပြလိုအပ်နေချိန် ကျွန်တော်ကလည်း နေရာသစ်တစ်ခုမှာ တာဝန်ယူချင်နေချိန် အဲ့ဒီလို တိုက်ဆိုင်မှုရှိလာခဲ့ရင် နည်းပြအဖြစ် ဆောင်ရွှက်ပေးဖို့ကိုတော့ သဘောတူညီခဲ့ပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။