MySport Myanmar

ရိုနယ်ဒိုက ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်နေတုန်းပဲလို့ ပြောလာတဲ့ နာချို

စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ ဝါရင့်နောက်ခံလူ နာချိုက သူ့ရဲ့ အသင်းဖော်ဟောင်း ခရစ္စတီယာနို ရိုနယ်ဒိုဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်နေဆဲပါလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၃နှစ် အရွယ် စပိန်လက်ရွေးစင် နောက်ခံလူ နာချို ဖာနန်ဒက်ဇ်က သူ့ရဲ့ ကစားသမား ဘဝတခုလုံးကို ရီးရဲလ်မက်ဒရစ်မှာသာ ကုန်ဆုံးခဲ့သူ ဖြစ်ပြီး သူက ၂၀၁၂ခုနှစ်မှ စတင်ကာ ရီးရဲလ်မက်ဒရစ် အသင်းကြီး အတွက် ကစားပေးခွင့် ရခဲ့ပါတယ်။

Photo Credit: Goal

တဖက်မှာတော့ ပေါ်တူဂီအသင်းခေါင်းဆောင် ခရစ္စတီယာနို ရိုနယ်ဒိုက အသက် ၃၈နှစ် ရှိနေပြီ ဖြစ်ပေမယ့် အခုချိန်အထိ အကောင်းဆုံး ဂိုးသွင်းစွမ်းရည်ကို ပြသနေဆဲ ဖြစ်ပြီး သူက ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမား အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ နာချို ဖာနန်ဒက်ဇ်က သူ့ရဲ့ အသင်းဖော်ဟောင်း ခရစ္စတီယာနို ရိုနယ်ဒိုဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်နေဆဲပါလို့ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ စပိန်စူပါဖလား ဗိုလ်လုပွဲမတိုင်မီ ပြုလုပ်ခဲ့တဲ့ ပွဲကြိုအင်တာဗျူးမှာ ဖွင့်ဟ ပြောဆိုသွားခဲ့တာပါ။

Photo Credit: Sporting News

နာချို ဖာနန်ဒက်ဇ်က – “ကျွန်တော့်အတွက် ရိုနယ်ဒိုက ကမ္ဘာ့အကောင်းဆုံး ကစားသမားပါပဲ။ ရိုနယ်ဒိုရဲ့ ဆော်ဒီဘောလုံးလောက အပေါ် လွှမ်းမိုးနိုင်စွမ်းက အရမ်းကို ကြီးမားပါတယ်။ ရိုနယ်ဒိုကြောင့် ဆော်ဒီဘောလုံးလောကက လာမယ့်နှစ်တွေမှာ ပိုပြီးတော့ တိုးတက်လာမယ်လို့လည်း ထင်ပါတယ်။ ကျွန်တော်က ဆော်ဒီနိုင်ငံအတွက် အကောင်းဆုံးတွေ ဖြစ်လာပါစေလို့ ဆုတောင်းပေးချင်ပါတယ်” ဆိုပြီး ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

နာချိုရဲ့ ရီးရဲလ်မက်ဒရစ်က ယနေ့ည ၁နာရီခွဲအချိန်မှာ မဟာပြိုင်ဘက် ဘာစီလိုနာနဲ့ စပိန်စူပါဖလား ဗိုလ်လုပွဲကို ယှဉ်ပြိုင် ကစားဖို့ ရှိနေပြီး ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ရဲ့ ဗိုလ်လုပွဲကို ဆော်ဒီနိုင်ငံမှာ ကျင်းပသွားမှာ ဖြစ်တာကြောင့် ရိုနယ်ဒိုက သူ့ရဲ့ အသင်းဟောင်း ရီးရဲလ်မက်ဒရစ်ကို ကွင်းထဲအထိ သွားပြီး အားပေးဖွယ် ရှိနေပါတယ်။

Exit mobile version