MySport Myanmar

မာဒရစ်ခ်ရဲ့ ပြောင်းရွေ့ကြေးကနေ ပေါင်သန်း(၂၀)ကို ယူကရိန်းစစ်တပ်ဆီ လှူဒါန်းဖို့ စီစဉ်

ယူကရိန်း ထိပ်သီးကလပ် ရှက်တာဒိုးနက်အသင်းဟာ သူတို့ရဲ့ ကြယ်ပွင့်ကစားသမား မာဒရစ်ခ်ကို ချယ်လ်ဆီးအသင်းဆီ ရောင်းချခဲ့လို့ ရရှိထားတဲ့ ပြောင်းရွေ့ကြေး ပေါင်(၈၈)သန်းထဲကမှ ပေါင်သန်း(၂၀)ဝန်းကျင်ခန့်ကို ရုရှားရဲ့ ကျူးကျော်စစ်ကို ပြန်လည် ခုခံနေရတဲ့ ယူကရိန်းစစ်တပ်ဆီ ထည့်ဝင် လှူဒါန်းသွားမှာ ဖြစ်တယ်လို့ ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။

Photo Credit : Daily Mail

ယူကရိန်း တောင်ပံကစားသမားလေး မာဒရစ်ခ်ဟာ အခု ဆောင်းဈေးကွက်အတွင်းမှာ အာဆင်နယ်အသင်းဆီ ပြောင်းရွေ့လာဖို့ နီးစပ်ခဲ့ပေမဲ့လည်း ချယ်လ်ဆီးအသင်းရဲ ကြားဖြတ် ကြိုးပမ်းမှုကြောင့် နောက်ဆုံးမှာ ချယ်လ်ဆီးအသင်းဆီကိုပဲ ပေါင်(၈၈)သန်းနဲ့ ရောက်ရှိသွားခဲ့ရပါတယ်။ ပေါင်(၈၈)သန်းဆိုတဲ့ ပမာဏဟာ ရှက်တာဒိုးနက်အသင်းအတွက်တော့ ကစားသမား ရောင်းချမှုကနေ စံချိန်တင် ရရှိခဲ့တဲ့ ပြောင်းရွေ့ကြေးပမာဏ တစ်ခုဖြစ်နေတာကြောင့် ဒီပြောင်းရွ့ကြေးကနေ ယူကရိန်းနိုင်ငံက စစ်သားတွေအတွက် လိုအပ်နေတဲ့ နေရာတွေမှာ လှူဒါန်းပေးသွားဖို့ စီစဉ်ထားတယ်လို့ ရှက်တာအသင်းဥက္ကဌဖြစ်သူက ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Daily Mail

“ဦးစွာနဲ့ အစောဆုံး ပြောချင်တာကတော့ ယူကရိန်းကို ကူညီခဲ့တဲ့ ယဉ်ကျေးတဲ့ ကမ္ဘာတစ်ခုလုံးကို ကျေးဇူးတင်ချင်ပါတယ်။ ဒီနေ့မှာ ယူကရိန်း ဘောလုံးအကြောင်းကို ကျွန်တော်တို့တွေ ပြောဆိုနေနိုင်တာက ယူကရိန်းစစ်တပ် ယူကရိန်းပြည်သူများနဲ့ ယဉ်ကျေးသော ကမ္ဘာတစ်ခုလုံးရဲ့ ကြီးမားတဲ့ ပံ့ပိုးကူညီမှုများတွေ ကျေးဇူးကြောင့်သာ ဖြစ်ပါတယ်။ ပူးပေါင်းပါဝင်ပြီး အားထုတ်မှုတွေသာ ကျွန်တော်တို့ရဲ့ နေရပ်တွေဆီ ရောက်ရှိလာတဲ့ မကောင်းမှုတွေကို အနိုင်ယူနိုင်မှာပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်က Mariupol မြို့ကို ကာကွယ် စောင့်ရှောက်ရင်းနဲ့ ကျဆုံးသွားသော စစ်တပ်များရဲ့ မိသားစုများကို ကူညီပေးနိုင်မယ့် ပရောဂျက်တစ်ခု လုပ်ဆောင်ဖို့ ဆုံးဖြတ်ချက် ချမှတ်လိုက်တယ်။ ကျွန်တော်ရဲ့ စစ်သားတွေ ကာကွယ်ရေးသမားတွေနဲ သူတို့ရဲ့ မိသားစုတွေကို ကူညီဖို့အတွက် ပေါင်(၂၀.၅)သန်းကို ခွဲဝေ အသုံးပြုဖို့ ဆုံးဖြတ်ထားတယ်။ ဆေးဘက်ဆိုင်ရာနဲ့ ခြေတုလက်တု ကုသမှုတွေ စိတ်ပိုင်ဆိုင်ရာ ပံ့ပိုးကူညီမှုတွေ အမျိုးမျိုးသော လိုအပ်ချက်များစွာမှ ကာမိစေဖို့အတွက် လိုအပ်နေတဲ့ နေရာတိုင်းမှာ ဒီငွေတွေကို အသုံးပြုသွားမှာ ဖြစ်ပါတယ်” ရှက်တာဒိုးနက် အသင်းဥက္ကဌဖြစ်သူက ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ း

Exit mobile version