မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းဟာ ယနေ့ နေ့လယ်ပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ၂၀၂၂ခုနှစ် AFC အာရှအမျိုးသမီးဖလား ခြေစစ်ပွဲတွေရဲ့ အုပ်စုနောက်ဆုံးပွဲ အဖြစ် ယူအေအီး အမျိုးသမီးအသင်းနဲ့ ရင်ဆိုင် ကစားခဲ့ရာ ၂ဂိုးပြတ် အနိုင်ရခဲ့ပြီး အိန္ဒိယနိုင်ငံမှာ ကျင်းပမယ့် ၂၀၂၂ခုနှစ် အာရှ အမျိုးသမီးဖလားပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိသွားခဲ့ပါတယ်။

မြန်မာအမျိုးသမီးအသင်းဟာ အာရှဘောလုံးအဖွဲ့ချုပ် AFC ကနေ ကြီးမှူးကျင်းပမယ့် ၂၀၂၂ခုနှစ် အာရှ အမျိုးသမီး ဖလားပြိုင်ပွဲကို တိုက်ရိုက် ဝင်ရောက်ခွင့် မရခဲ့ပေမယ့် ခြေစစ်ပွဲအဆင့်မှာတော့ ယူအေအီး ၊ ဂူအမ် ၊ လက်ဘနွန် စတဲ့ အသင်းတွေ အားလုံးကို အနိုင်ယူကာ ပြိုင်ပွဲဝင်ခွင့် တနေရာကို အပိုင်သိမ်းနိုင်ခဲ့ပါတယ်။

Photo Credit: Golazo

မြန်မာအမျိုးသမီးအသင်းဟာ ခြေစစ်ပွဲအဆင့် အုပ်စု ပထမပွဲမှာ လက်ဘနွန်အသင်းကို ၄-၀ ၊ ဒုတိယပွဲမှာ ဂူအမ်အသင်းကို ၈-၀ ၊ တတိယပွဲမှာ ယူအေအီးအသင်းကို ၂-၀ ဆိုတဲ့ ရလဒ်တွေနဲ့ ပွဲအားလုံးကို အနိုင်ရခဲ့ပြီး ရဂိုး ၁၄ဂိုး ၊ ပေးဂိုး မရှိ ဆိုတဲ့ ပြီးပြည့်စုံတဲ့ ပုံစံကောင်းတခုနဲ့ ၂၀၂၂ခုနှစ် အာရှ အမျိုးသမီး ဖလားပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရခဲ့တာပါ။

၂၀၂၂ခုနှစ် အာရှ အမျိုးသမီး ဖလားပြိုင်ပွဲကို အိမ်ရှင် အိန္ဒိယ ၊ ဂျပန် ၊ ဩစတေးလျ ၊ တရုတ်အသင်းတို့က တိုက်ရိုက် ဝင်ရောက်ခွင့် ရခဲ့ပြီး ခြေစစ်ပွဲအဆင့် ကနေ ပြိုင်ပွဲဆီ တက်လှမ်းနိုင်ခဲ့တဲ့ အသင်းတွေ ကတော့ မြန်မာ ၊ အင်ဒိုနီးရှား ၊ တောင်ကိုရီးယား ၊ ဖိလစ်ပိုင် ၊ အီရန် ၊ ထိုင်း ၊ ဗီယက်နမ်တို့ပဲ ဖြစ်ပါတယ်။

Photo Credit: Golazo

တရုတ်(တိုင်ပေ) ၊ ဘာရိန်း ၊ လာအို စတဲ့ အသင်းတွေ ပါဝင်နေတဲ့ အုပ်စုမှာတော့ နောက်ဆုံးပြိုင်ပွဲဆီ တက်လှမ်းနိုင်မယ့် အသင်း ထွက်ပေါ်ခြင်း မရှိသေးပေမယ့် တရုတ်(တိုင်ပေ)အသင်း ကတော့ နောက်တဆင့်ကို တက်လှမ်းနိုင်ဖို့ ရေပန်းစားနေပါတယ်။