ကျွန်တော်တို့ မြန်မာ့ဘောလုံးလောက အတွက် ဂုဏ်ယူစရာ ကောင်းတဲ့ သတင်းတစ်ပုဒ်ဟာ အခုလေးတင်ပဲ တက်လာခဲ့ပါတယ်။ အဆိုပါ သတင်းလေး ကတော့ မြန်မာနွယ်ဖွား တိုင်းရင်းသား လူငယ် ကစားသမား တစ်ဦး ဖြစ်တဲ့ အာသာဖ (Arthurpha) ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ စပိန်လာလီဂါ ကနေ တန်းဆင်းသွားတဲ့ လီဂါနက်စ်အသင်းနဲ့ ပရော်ဖက်ရှင်နယ် စာချုပ် ချုပ်ဆိုခဲ့တဲ့ သတင်းလေးပဲ ဖြစ်ပါတယ်။

လီဂါနက်စ် အသင်းဟာ လက်ရှိအချိန်မှာ ဆီဂန်ဒါလိဂ်မှာ ကစားနေတဲ့ အသင်းတစ်သင်း ဖြစ်ပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ လာလီဂါ ကနေ တန်းဆင်းသွားတဲ့ အသင်းဖြစ်သလို မကြာခင်မှာ လာလီဂါဆီ ပြန်လည် တက်လှမ်းနိုင်မယ့် အခြေအနေကောင်းတွေကို ပိုင်ဆိုင် ထားတဲ့ အသင်းတစ်သင်းပါ။ မြန်မာ ကစားသမားလေး အာသာဖဟာ တောင်ကြီးမြို့မှ စပိန်နိုင်ငံသို့ ရောက်ရှိသွားသူ ဖြစ်ကြောင်း လို့ သိထားရပြီး လီဂါနက်စ်အသင်းနဲ့ ပရော်ဖက်ရှင်နယ် စာချုပ် ချုပ်ဆိုခဲ့ကာ မကြာမီမှာတော့ လီဂါနက်စ်အသင်း အတွက် စတင် ကစားခွင့် ရရှိဖွယ် ရှိပါတယ်။

လီဂါနက်စ်အသင်းဟာ အာသာဖကို ခေါ်ယူနိုင်ခဲ့ကြောင်း ကြေညာခဲ့တဲ့ ပို့စ်မှာ မြန်မာအလံအား ထည့်သွင်းခဲ့တာကို ဂုဏ်ယူဖွယ်ရာ ကောင်းအောင် မြင်တွေ့ခဲ့ရပြီး မြန်မာ့ ရေခံမြေခံ ကနေ ထွက်ပေါ်လာတဲ့ ကစားသမား တစ်ဦးအနေနဲ့ အာသာဖဟာ မြန်မာနိုင်ငံရဲ့ဂုဏ်ကို ဆောင်နိုင်ပြီး မြန်မာ့ လက်ရွေးစင် ကစားသမား တစ်ဦး အဖြစ် ကစားလိမ့်မယ် လို့ မျှော်လင့် ထားပါတယ်။ မြန်မာ့ ဘောလုံးအဖွဲ့ချုပ်က အာသာဖရဲ့ အင်စတာဂရမ်ပို့စ် အောက်မှာ ” ကံကောင်းပါစေ ” လို့ မှတ်ချက် ပြုထားပြီး အာသာဖကလည်း ” အရမ်း ကျေးဇူးတင်ပါတယ်… အခုလိုမျိုး ဆုတောင်းပေးတာက ကျွန်တော့် အတွက် အရမ်းကို အဓိပ္ပါယ် ရှိပါတယ်… အခုက စပြီး အလုပ်ကြိုးစားသွားမှာပါ ” လို့ တုံ့ပြန်ထားတာကို မြင်တွေ့ရပါတယ်။

အာသာဖ တစ်ယောက် လီဂါနက်စ်အသင်းမှာ အောင်မြင်တဲ့ ကစားသမားတစ်ဦး ဖြစ်လာပြီး မကြာခင်မှာ မြန်မာ့လက်ရွေးစင် ကစားသမား တစ်ဦး ဖြစ်လာမယ်လို့ ယုံကြည်နေရင်းနဲ့….။