၂၀၂၀ ဘောလုံးရာသီ မြန်မာနေရှင်လိဂ်ရဲ့ပွဲစဉ်(၄)ကို မနေ့က သောကြာနေ့ညနေမှာ စတင်ကျင်းပခဲ့ပြီး ဇွဲကပင်နဲ့ မကွေးအက်စီအသင်းတို့က ဂိုးမရှိသရေကျခဲ့ရပါတယ်။ ဒီနေ့မှာလည်း ပွဲစဉ်(၄)ရဲ့ ပွဲစဉ်(၂)ပွဲဖြစ်တဲ့ ဧရာဝတီယူနိုက်တက်အသင်းနဲ့ ရှမ်းယူနိုက်တက်အသင်း အား/ကာသိပ္ပံနဲဲ့ ချင်းယူနိုက်တက်အသင်းတို့ ပွဲတွေကို နေ့လည်၃နာရီခွဲအချိန်တွေမှာ ကျင်းပခဲ့ရာ ဧရာဝတီနဲ့ အား/ကာသိပ္ပံအသင်းတွေက နိုင်ပွဲတွေ အသီးသီးရယူနိုင်ခဲ့ကြပါတယ်။

ဒီတစ်ပတ်မြန်မာနေရှင်နယ်လိဂ်ရဲ့ အကောင်းဆုံးပွဲဲစဉ်ဖြစ်တဲ့ ဧရာဝတီယူနိုက်တက်အသင်းနဲ့ လက်ရှိချန်ပီယံရှမ်းယူနိုက်တက်ပွဲစဉ်မှာတော့ နှစ်သင်းလုံး အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရပြီး ဒုတိယပိုင်းပွဲကစားချိန် ၅၇မိနစ် ဆာ့ဆက်သွင်းယူခဲ့တဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ ဧရာဝတီတို့ အနိုင်ရရှိခဲ့ကာ စုစုပေါင်းရမှတ်၁၀မှတ်နဲ့ အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ယာယီရပ်တည်လို့နေပါတယ်။ ဒါပေမယ့် မနက်ဖြန်မှာ ဟံသာဝတီယူနိုက်တက်က ဆောက်သမ်းမြန်မာကို အနိုင်ရခဲ့မယ်ဆိုရင် ဧရာဝတီတို့ ပထမနေရာကို ပြန်လည်ဖယ်ပေးရမှာဖြစ်သလို ရန်ကုန်ကလည်း စစ်ကိုင်းကို နိုင်လိုက်မယ်ဆိုရင် အမှတ်တူ ဂိုးကွာခြားချက်အသာနဲ့ အဆင့်၂နေရာကိုပါ ဆက်လက်ပိုင်ဆိုင်နေဦးမှာဖြစ်ပါတယ်။

ဒီရာသီမှ မြန်မာနေရှင်နယ်လိဂ်ကို ပထမဆုံးအကြိမ် တန်းတတ်လာခဲ့ကာ ဝင်ရောက်ဆင်နွဲခွင့်ရခဲ့တဲ့ အားကာသိပ္ပံအသင်းကတော့ ချင်းယူနိုက်တက်ကို အနိုင်ရလိုက်တာကြောင့် ဒီရာသီရဲ့ပထမဆုံးသော နေရှင်နယ်လိဂ်နိုင်ပွဲ အသင်းသမိုင်းမှာ ပထမဆုံးသော နေရှင်နယ်လိဂ်နိုင်ပွဲကို ပိုင်ဆိုင်လိုက်ရပြီး အမှတ််ပေးဇယားမှာ ချင်းနဲ့ကပ်လျက် ရပ်တည်လို့နေပါတယ်။ မနက်ဖြန်မှာတော့ နေ့လည်၃နာရီခွဲချိန်အတွင်း ဟံသာဝတီနဲ့ဆောက်သမ်း ရခိုင်နဲ့ရတနာပုံ ရန်ကုန်နဲ့စစ်ကိုင်းပွဲတွေ တပြိုင်နက်တည်း ကျင်းပသွားမှာဖြစ်ပါတယ်။