MySport Myanmar

မြောက်ကိုရီးယားဆီက အမှတ်ရအောင် ကြိုးစားမယ်လို့ မြန်မာနည်းပြ ကြုံးဝါး

၂၀၂၆ အာရှဇုန် ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဒုတိယအဆင့် အုပ်စုအဖွင့်ပွဲမှာ ဂျပန်အသင်းကို (၅)ဂိုးပြတ် အပြတ်အသတ် အရေးနိမ့်ခဲ့ရပြီး အုပ်စု ဒုတိယပွဲဖြစ်တဲ့ မြောက်ကိုရီးယားနဲ့ ပွဲမှာတော့ အမှတ်ရအောင် ယူနိုင်ဖို့ ကြိုးစားသွားမယ်လို့ မြန်မာအသင်းနည်းပြ အွန်ဘိုင်နာက ပြောဆိုလိုက်ပါတယ်။

ဂျပန်နိုင်ငံ အိုဆာကာမြို့မှာ ကစားခဲ့ရတဲ့ အုပ်စုအဖွင့်ပွဲစဉ်အတွင်း ခြေပြတ်ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ရပေမယ့် ခံစစ်က အကောင်းဆုံး ကစားသွားနိုင်တဲ့အပေါ် ကျေနပ်မိရကြောင်း နဲ့ လာမယ့် မြောက်ကိုရီးယားနဲ့ ပွဲမှာတော့ ရမှတ် ရရှိအောင် အစွမ်းကုန် ကြိုးစားသွားမယ်လို့ ဆိုလာခဲ့ပါတယ်။

Photo Credit : Myanmar Football Federation Fabook

“ဒီနေ့ပွဲအတွက် ခံစစ်ကို ဦးစားပေး ပြီး အတတ်နိုင်ဆုံး ပေးဂိုးနည်းအောင် စီစဉ်ထားခဲ့ပါတယ်။ ဒီပွဲ အတွက်က ကျွန်တော်တို့မှာ စိန်ခေါ်မှု တွေ အများကြီး ရှိပါတယ်။ ဂျပန်အသင်းလို ကမ္ဘာ့အဆင့် အသင်းတစ်သင်းကို သူ့အိမ်ကွင်းမှာ အနိုင်ရဖို့၊ အမှတ်ယူဖို့ ဆိုတာတွေကို မျှော်လင့်မထားပါဘူး။ ကျွန်တော်တို့ လက်တွေ့ဆန်ဆန်ပဲ ဆုံးဖြတ်ပါတယ်။”
“ဒါကြောင့် ခံစစ် ဦးစားပေးပြီး အကောင်းဆုံး ကြိုးစားသွားခဲ့ကြတဲ့ ကစားသမားတွေကို ချီးကျူးပါတယ်။ နောက်ပွဲတွေ ကြုံတွေ့ ရမယ့် မြောက်ကိုရီးယား၊ ဆီးရီးယား တို့က အင်အားကြီး အသင်းတွေ ဆိုပေမဲ့ ဒီနေ့ ကစားရတဲ့ ဂျပန်ထက်စာရင် ကျွန်တော်တို့ အခွင့်အရေး ရှိနေပါတယ်။”
Photo Credit : Myanmar Football Federation Fabook
“နိုဝင်ဘာ ၂၁ ရက်၊ ရန်ကုန်မှာ မြောက်ကိုရီးယား အသင်းနဲ့ ကစားရမှာ ဖြစ်ပြီး ဒီနေ့ပွဲ နဲ့တော့ အစစအရာရာ ကွာခြားပါလိမ့်မယ်၊ မတူညီတဲ့ ချဉ်းကပ်ပုံမျိုးနဲ့ ကျွန်တော်တို့ ပြိုင်ဘက်ကို ရင်ဆိုင်မှာပါ၊ ဂျပန်အသင်းနဲ့ ဒီနေ့ ပွဲလိုခံစစ်ပုံစံမျိုး မဟုတ်ဘဲ မတူညီတဲ့ဟန်နဲ့ ကစားမှာပါ။ မြောက်ကိုရီးယားဆီကနေ အမှတ်ရအောင် ယူဖို့ကြိုးစားပါမယ်။ ဒါက ကျွန်တော်တို့ မျှော်လင့်ချက်ပါ” လို့ အွန်ဘိုင်နာက ပြောဆိုသွားခဲ့ပါတယ်။

မြန်မာအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဒုတိယအဆင့်မှာ ဂျပန် မြောက်ကိုရီးယား ဆီးရီးယားအသင်းတွေနဲ့ အုပ်စု (B) မှာ တစ်အုပ်စုတည်း ကျရောက်နေရပြီး (၂၁)ရက်နေ့ ညနေ (၄)နာရီအချိန် မြောက်ကိုရီးယားအသင်းနဲ့ အုပ်စု ဒုတိယမြောက် ပွဲစဉ်ကို ဆင်နွဲသွားရမှာပဲ ဖြစ်ပါတယ်။

 

Exit mobile version