မန်ယူအသင်းရဲ့ နောက်ခံကစားသမား ရိုဂျိုကတော့ သူ့ရဲ့အသင်းဟောင်း အာဂျင်တီးနား အခြေစိုက် မိခင်ကလပ် အက်စတူဒီယန်တပ်စ်အသင်းကို ရာသီကုန်အထိ အငှားနဲ့ ပြောင်းခဲ့ပြီး မိခင်ရဲ့ တိုက်တွန်းမှုကြောင့် ပြောင်းသွားခဲ့တာပါလို့ ပြောဆိုသွားခဲ့ပါတယ်။ နောက်ခံလူ ရိုဂျိုဟာ နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းမှာ ပုံမှန် ပွဲထွက်ခွင့် မရလာခဲ့တာကြောင့် ပြီးခဲ့တဲ့ လ ဇန်နဝါရီလ ဆောင်းရာသီ အပြောင်းအရွေ့ ဈေးကွက်မှာ အသင်းဟောင်း အက်စတူဒီယန်တပ်စ်အသင်းနဲ့ ကာလတို စာချုပ်ချုပ်ပြီး အငှားနဲ့ ပြောင်းသွားခဲ့ပါတယ်။

Photo Credit: Goal

အသက် (၂၉) နှစ်အရွယ် နောက်ခံလူ ရိုဂျိုဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွေ့ ဈေးကွက်မှာ အဲဗာတန် အသင်းကို ပြောင်းဖို့ နီးစပ်ခဲ့ပေမဲ့လည်း (၂၀၁၉-၂၀) ခုနှစ် ရာသီ ပြန်စတဲ့ အချိန်မှာတော့ မန်ယူအသင်းမှာ ဆက်ကစားခဲ့တာပဲ ဖြစ်ပါတယ်။ ရိုဂျိုဟာ ပြီးခဲ့တဲ့ အောက်တိုဘာလက မန်ယူအသင်းအတွက် ကစားရတာ ပျော်တယ်လို့ ပြောခဲ့ပေမဲ့ လာမယ့် ဇွန်လမှာ ကစားမယ့် ကိုပါ အမေရိက ပွဲစဉ်မှာ ရွေးချယ်ခံရဖို့ ပွဲထွက် ကစားချင်တာကြောင့် ပွဲထွက်ခွင့် ရဖို့ အက်စတူဒီယန်တပ်စ်အသင်းကို အငှားနဲ့ ပြောင်းခဲ့ပါတယ်။

Photo Credit: Goal

ရိုဂျိုက “အရာအားလုံးက တစ်ခါတည်း ဖြစ်လာခဲ့ပါတယ်။ ကျွန်တော် ပွဲထွက် ကစားဖို့ နဲ့ ကျွန်တော့်အဆင့် ပြန်ရဖို့ လိုအပ်ပါတယ်။ ကျွန်တော့်ရဲ့ မိသားစု နဲ့ ကျွန်တော့်ရဲ့အမေအိုက အက်စတူဒီယန်တပ်စ်အသင်းကို ပြန်လာဖို့ တိုက်တွန်းခဲ့ပါတယ်။ ကျွန်တော့်မှာ အခြားအသင်းတွေကို ပြောင်းဖို့ ကမ်းလှမ်းမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အိမ်မှာ နေရတာထက် ဘယ်အရာက ပိုကောင်းလို့လဲ။ ကျွန်တော် အလျှင်မြန်ဆုံး ပွဲထွက် ကစားရဖို့ မျှော်လင့်ပါတယ်။ ကျွန်တော် လေ့ကျင့်ပြီး အသင်းဖော်တွေနဲ့ ကစားချင်ပါတယ်”လို့ ပြောဆိုသွားခဲ့ပါတယ်။