အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် အက်အေက အင်စတာဂရမ်ပေါ်မှာ မိတ်ဆွေတစ်ဦးကို လူမျိူးရေးခွဲခြားတဲ့ အဓိပ္ပာယ်ကို သက်ရောက်နေတဲ့ စကာအသုံးအနှုန်းတစ်ခုကို သုံးစွဲမိခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဝါရင့်တိုက်စစ်ကစားသမားကြီး အက်ဒီဆင်ကာဗာနီကို (၃)ပွဲပယ် ပြစ်ဒဏ်တစ်ရပ်အဖြစ် ငွေဒဏ်အဖြစ် ပေါင်တစ်သိန်းကိုပါ ဒဏ်ရိုက်ကြောင်း ဆုံးဖြတ်ချက်ချခဲ့တဲ့အပေါ် ကာဗာနီကတော့ တု့ံပြန်စကားဆိုခဲ့ပေမယ့် ပြစ်ဒဏ်ကိုတော့ အယူခံမဝင်ခဲ့ပဲ လက်ခံသွားခဲ့ပါတယ်။

Photo Credit : Goal

အသက်(၃၃)နှစ်အရွှယ်ရှိ ဥရုဂွေးလက်ရွေးစင် တိုက်စစ်မှူးကြီးကာဗာနီဟာ ယူနိုက်တက်က ဆောက်သမ်တန်အသင်းကို (၂)ဂိုး(၃)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်အပြီး အင်စတာဂရမ်မှာ သူ့ကို ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့တဲ့ မိတ်ဆွေတစ်ယောက်အတွက် Gracias Negrito ဆိုတဲ့ စာသားကို ရေးသားခဲ့ပါတယ်။ တကယ်တော့ ကာဗာနီဟာ ကျေးဇူးတင်ကြောင်း ရေးသားခဲ့တာ ဖြစ်ပေမယ့်လည်း ဒီစာသားကို အက်အေကနေ လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းလို့ ယူဆခဲ့တာကြောင့် ကာဗာနီကို စွဲချက်တင်ခဲ့ပြီး နောက်ဆုံးမှာတော့ အခုလို (၃)ပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်ဖို့အတွက်ပါ ဆုံးဖြတ်လာခဲ့ပါတယ်။

Photo Credit : Sky Sports

ဒီဖြစ်ရပ်နဲဲ့ပတ်သက်ပြီး ကာဗာနီက “အားလုံးမင်္ဂလာပါ။ အဆင်မပြေတဲ့ အခိုက်အတန့်ထဲကို ရောက်ရှိနေရတဲ့ ကျွန်တော့်အတွက် ကျွန်တော်နောက်ထပ်ဘာကိုမှ ထပ်မတိုးလာစေချင်တော့ပါဘူး။ အားလုံးကိုမျှဝေချင်တာကတော့ ကျွန်တော့်အပေါ် ဒဏ်ရိုက်ခဲ့တဲ့ ကိစ္စရပ်ကို လက်ခံလိုက်တယ်ဆိုတာပါပဲ။ ကျွန်တော်အင်္ဂလိပ်တွေရဲ့ ဓလေ့ထုံးစံတွေအကြောင်းကို ပိုမိုသိရှိလိုက်ရပါတယ်။ ကျွန်တော်ရဲ့ထင်မြင်ချက်တွေကိုတော့ မမျှဝေလိုတော့ပါဘူး။ ကျွန်တော်ကြောင့် စိတ်မကျေမနပ် ဖြစ်ခဲ့ရရင်လည်း တောင်းပန်ပါတယ်။ ကျွန်တော်က မိတ်ဆွေတစ်ယောက်အတွက် ချစ်ခင်မှုကိုပဲ ဖော်ပြခဲ့တာပါ။ ကျန်တာဘာမှ မပါဝင်ပါဘူး။ ကျွန်တော့်ကို ခင်မင်တဲ့သူတွေဆိုရင် ကျွန်တော်က ရိုးစင်းတဲ့ ပျော်ရွှင်မှုနဲ့ ဆက်ဆံရေးကောင်းမွန်တွေကို ရရှိအောင် ကြိုးစားတတ်သူဆိုတာ ကောင်းကောင်းသိကြပါလိမ့်မယ်။ ကျွန်တော့်အတွက် အားပေးစကားတွေ ချစ်ခင်ကြောင်းတွေများစွာကို ဖော်ပြပေးခဲ့သူတွေ အားလုံးကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ ကျွန်တော့်နှလုံးသားက ငြိမ်းအေးနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ကိုယ့်ကိုကိုယ် ကျွန်တော်တို့ ရိုးရာဓလေ့တွေ ဘဝနေထိုင်မှုပုံစံတွေနဲ့ ချစ်ခင်မှုတွေကို ထုတ်ပြတတ်လို့ပါ” လို့ ဖော်ပြသွားခဲ့ပါတယ်။ ကာဗာနီဟာ ယူနိုက်တက်အသင်းရဲ့ပွဲစဉ်တွေဖြစ်တဲ့ ဗီလာ(ပရီးမီးယားလိဂ်) မန်စီးတီး(လိဂ်ဖလား) ဝက်ဖိုဒ့်(အက်အေဖလား)ပွဲစဉ်တွေကို လွဲချော်ရတော့မှာဖြစ်ပါတယ်။