ချယ်လ်ဆီးအသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ အေဒရီယန် မူတူးက သူရဲ့ ကစားသမားဘဝအတွင်းမှာ ကိုကင်းကိုသာ မသုံးဖြစ်ခဲ့ရင် သူ့အနေနဲ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ဘာလွန်းဒေါဆုကို အလွယ်တကူ ပိုင်ဆိုင်နိုင်ခဲ့လိမ့်မယ်လို့ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

မူတူးရဲ့ စတန်းဖို့ဒ် ဘရစ်ချ် ကာလဟာ တိုတောင်းပြီး အဖြစ်အပျက် များစွာနဲ့လည်း ပြည့်နှက်နေခဲ့ပါတယ်။ ပါးမားကနေ ရောက်လာချိန် အစပိုင်းမှာ အလားအလာကောင်း ပြသနိုင်ခဲ့ပေမယ့် နည်းပြ မော်ရင်ဟိုနဲ့ အဆင်မပြေမှုတွေ ဖြစ်ပြီးနောက် အသင်းထဲမှာ နေရာမရတော့သလို ဒီရိုမေးနီးယား တိုက်စစ်မှူးရဲ့ ကစားသမားဘဝဟာလည်း ကိုကင်းသုံးစွဲထားကြောင်း စစ်ဆေးမှု ရလဒ်ထွက်ပြီးနောက် ဘောလုံးကနေ (၈)လထိ ပိတ်ပင်ခံရပြီးနောက် သိသာစွာ ကျဆင်းသွားခဲ့ပါတယ်။

Photo Credit : The Independent

မူတူးရဲ့ ပရီးမီးယားလိဂ်ကာလဟာ အရှက်ရစရာနဲ့ ပြီးဆုံးခဲ့ပေမယ့် အခု ဒီကြယ်ပွင့်ဟောင်းက အရာတွေ ဘယ်လို မတူညီစွာ ဖြစ်လာနိုင်ခဲ့မလဲ ဆိုတာကို ပြန်တွေးကြည့်ပြီး သုံးသပ်နေပါတယ်။ The Telegraph နဲ့ အင်တာဗျူးမှာ မူတူးက“ချယ်ဆီးမှာ ကိုကင်းသုံးတာက ကျွန်တော့်ရဲ့ အသက်မွေးဝမ်းကျောင်းမှုမှာ လုပ်ခဲ့တဲ့ အဆိုးဆုံး ဆုံးဖြတ်ချက်ပါ။ ကျွန်တော် တစ်ယောက်တည်း ဝမ်းနည်းနေခဲ့ပေမယ့် စိတ်ဓာတ်ကျတာရော တခြား ဘာကိုမှရော ကျွန်တော့်ရဲ့ လုပ်ရပ်ကို မမှန်ကန်အောင် လုပ်လို့မရပါဘူး။ မူးယစ်ဆေးနဲ့ ပတ်သက်လာရင် ချယ်ဆီးရဲ့ မူဝါဒက လုံးဝသည်းမခံဘူး။ဒါက တရားမျှတတယ်လို့ ကျွန်တော် ထင်ပါတယ်။”

“ကျွန်တော် အမှားလုပ်ခဲ့တယ်။ လမ်းမှန်ကနေ သွေဖည်သွားခဲ့တယ်။ အဲဒီအတွက် ပေးဆပ်ခဲ့ရတယ်။ ကျွန်တော် သတိမထားမိခဲ့ဘူး။ အဲ့ဒီလို ဘဝနဲ့ မကျွမ်းကျင်ခဲ့ဘူး။ ကျွန်တော် အဆင်သင့် မဖြစ်ခဲ့ဘူး။ ချယ်ဆီးကို ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဘဝမှာ မတည်မငြိမ်ဖြစ်နေတဲ့ အချိန်မှာ ရောက်လာခဲ့တယ်။ ကျွန်တော် အကြောင်းပြချက်တွေ၊ လိမ်ညာမှုတွေ အများကြီးထဲမှာ ပိတ်မိနေခဲ့တယ်။ ကျွန်တော် အရမ်းငယ်သေးတယ်။ အရမ်းတစ်ယောက်တည်း ဖြစ်နေခဲ့တယ်။”

Photo Credit : Goal

“အဲဒါကို အကြိမ်များစွာ ပြန်တွေးကြည့်ခဲ့တယ်။ ကျွန်တော် တစ်ရာသီထက် ပိုကြာတဲ့ အချိန်အတွင်း ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲမှာ ရှိခဲ့တယ်လို့ ယုံကြည်တယ်။ ဒါကြောင့် ကျွန်တော် ဘလွန်းဒီအော ဆုကို အလွယ်တကူ ရခဲ့နိုင်သင့်တယ်။ ဒါပေမယ့် မကောင်းတဲ့ ဆုံးဖြတ်ချက်တွေက အဲဒါကို တားဆီးခဲ့တယ်။ ကျွန်တော် ကိုယ့်ကိုယ်ကို အပြစ်မတင်ဖို့ ကြိုးစားပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

မူတူးဟာ ဘလွန်းဒီအောဆုအတွက် အမည်စာရင်းတင်သွင်းခံခဲ့ရပြီး ဘောလုံးကြယ်ပွင့်တွေဖြစ်တဲ့ ရော်နယ်ဒင်ဟို၊ ဖိလစ်ပို အင်ဇာဂီ၊ ဂျန် ကိုလာ၊ ဖရန်ချက်စကို တိုးလ်ဒိုတို့နဲ့ မဲအရေအတွက် တူညီခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ပုံစံဟာ သိသာစွာ ကျဆင်းသွားခဲ့ပါတယ်။ ပထမ (၃)ပွဲမှာ (၄)ဂိုး သွင်းပြီးနောက် နောက်ထပ် လိဂ်ပွဲ (၂၂)ပွဲမှာ (၂)ဂိုးသာ ထပ်သွင်းနိုင်ခဲ့ပါတယ်။ ၂၀၀၄ခုနှစ် မော်ရင်ဟို ရောက်လာချိန်မှာ သူ့ရဲ့ အခြေအနေ ပိုဆိုးလာခဲ့ပါတယ်။ ရိုမန် အေဘရာမိုဗစ်ရဲ့ ထောက်ခံမှု ရှိခဲ့ပေမယ့် မူတူးရဲ့ ကွင်းပြင်ပ ဘဝနေထိုင်မှုနဲ့ မူးယစ်ဆေးသုံးစွဲမှုဆိုင်ရာ စိုးရိမ်မှုတွေ ထွက်ပေါ်လာပြီးနောက် အသင်းမှာ သူ့နေရာအတွက် မသေချာတော့သလို ဘာလွန်းဒေါဆုနဲ့ လွဲချော်သွားခဲ့ရပါတယ်။