MySport Myanmar

ချန်ပီယံလိဂ်ဝင်ခွင့် ရတာက အာဆင်နယ်အတွက် ဖလား ရသလိုပါပဲ ဆိုတဲ့ မူစတာဖီ

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ ဗဟိုခံစစ်မှူးဟောင်း တဦး ဖြစ်သူ မူစတာဖီက သူ့ရဲ့ အသင်းဟောင်း အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ကြားရက်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၃၃)မှာ မန်ချက်စတာ စီးတီးကို ရှုံးနိမ့်ခဲ့တာကြောင့် ပရီးမီးယားလိဂ် ချန်ပီယံဆုကို လက်လွှတ်ရဖို့ နီးစပ်နေတဲ့နောက် ဖလားလက်မဲ့ ရာသီတခုကို ဖြတ်သန်းရဖို့ ရှိနေပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့် ရခဲ့တာဟာ အာဆင်နယ် အတွက် ဆုဖလား ရခဲ့သလိုပါပဲလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၁နှစ် အရွယ် ဂျာမဏီ လက်ရွေးစင်ဟောင်း မူစတာဖီက ၂၀၁၆ခုနှစ် ကနေ ၂၀၂၁ခုနှစ် အထိ ၅နှစ် ကြာအောင် အာဆင်နယ် အတွက် ကစားပေးခဲ့သူ ဖြစ်ပြီး သူက အာဆင်နယ်နဲ့အတူ အက်ဖ်အေဖလား ၂ကြိမ်နဲ့ ကွန်မြူနတီဒိုင်း ၁ကြိမ်တို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Photo Credit: ESPN

မူစတာဖီက ဗလင်စီယာ ကနေ အာဆင်နယ်ထံ ပြောင်းရွှေ့ခါစမှာ အသင်းရဲ့ မရှိမဖြစ် ဗဟိုခံစစ်မှူး တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဒဏ်ရာပြဿနာတွေကြောင့် ခြေစွမ်းကောင်းတွေ မပြသနိုင်တော့တာကြောင့် အာဆင်နယ် ကနေ ရှော်ကေးထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ရပါတယ်။

မူစတာဖီရဲ့ အာဆင်နယ်က ယခုနှစ် ဘောလုံးရာသီမှာတော့ အာတီတာရဲ့ ဦးဆောင်မှုနဲ့ အမြင့်ပျံ ခြေစွမ်းတရပ်ကို ရရှိခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့်(၁)နေရာကို ကာလရှည် သိမ်းပိုက်နိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ကြားရက်မှာ ချန်ပီယံလုဘက် ဖြစ်တဲ့ မန်ချက်စတာ စီးတီးကို အဝေးကွင်းမှာ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီးနောက် ချန်ပီယံဖြစ်ဖို့ မလွယ်တော့ပါဘူး။

Photo Credit: Sky Sports

အာဆင်နယ်က လက်ရှိမှာ မန်ချက်စတာ စီးတီးထက် ရမှတ် ၂မှတ် အသာစီး ရနေပေမယ့် မန်ချက်စတာ စီးတီးက အာဆင်နယ်ထက် ၂ပွဲလျော့ ကစားထားတာကြောင့် လက်ကျန် ၂ပွဲမှာသာ မန်ချက်စတာ စီးတီးက နိုင်ပွဲတွေ ရယူနိုင်ခဲ့ရင် အာဆင်နယ်ဟာ အဆင့်(၂)နေရာကို ဆင်းပေးရတော့မှာ ဖြစ်သလို ရာသီကုန်ဖို့ ၅ပွဲသာ လိုတော့ချိန်မှာ မန်ချက်စတာ စီးတီးနဲ့ ရမှတ် ၄မှတ် အထိ ကွာဟသွားတော့မှာပဲ ဖြစ်ပါတယ်။

ဒါကြောင့် အာဆင်နယ်ရဲ့ ပရိသတ်တွေနဲ့ ကစားသမားတွေက ဖလားရခါနီးမှ လက်လွှတ်လိုက်ရတဲ့ အပေါ် မချင့်မရဲ ဖြစ်နေကြပြီး မူစတာဖီကတော့ ချန်ပီယံလိဂ်ဝင်ခွင့် ရခဲ့တာက အာဆင်နယ် အတွက် ဆုဖလား တလုံး ရခဲ့သလိုပါပဲလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဆိုလာပါတယ်။ မူစတာဖီက – “အာစင်ဝင်းဂါး မရှိတော့ထဲက အာဆင်နယ်ဟာ ချန်ပီယံလိဂ်ကို ဝင်မကန်ရတော့ပါဘူး။ ကျွန်တော်ကတော့ အာဆင်နယ်က အာတီတာနဲ့အတူ အသင်းကို တည်ဆောက်နိုင်ခဲ့ပြီး အခုလိုမျိုး ကောင်းမွန်တဲ့ မျိုးဆက်တခုကို တည်ဆောက်နိုင်ခဲ့တာဟာ ဆုဖလား တလုံး ရသလောက်နီးပါး အရေးပါတယ်လို့ မြင်ပါတယ်။ လက်စတာ စီးတီးက ၂၀၁၆ခုနှစ်မှာ ပရီးမီးယားလိဂ် ဆုဖလားကို ရခဲ့ပေမယ့် သူတို့အသင်းကို မတည်ဆောက်နိုင်ခဲ့တာကြောင့် ဘာတွေဖြစ်သွားလဲ ဆိုတာကို ခင်ဗျားတို့ မြင်နေရတာပဲလေ။ ပြီးတော့ ကျွန်တော်က အာဆင်နယ်အသင်း ချန်ပီယံလိဂ်ဝင်ခွင့် ရတာဟာ ဆုဖလား တလုံး ရသွားတယ်လို့ပဲ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ချန်ပီယံလိဂ်ပြိုင်ပွဲက အာဆင်နယ်ရဲ့ အဆင့်အတန်းနဲ့ ကိုက်ညီတဲ့ ပြိုင်ပွဲမျိုး ဖြစ်နေလို့ပါ” ဆိုပြီး ပြောကြားသွားခဲ့တာပါ။

Exit mobile version