ဘာစီလိုနာအသင်းဟာ ဆိုးရွှားလှတဲ့ ဒူးဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူရတော့မယ့် သူတို့ရဲ့ ဝါရင့်နောက်ခံကစားသမားကြီး ဂျရတ်ပီကေးရဲ့နေရာမှာ အစားထိုးနိုင်ဖို့အတွက် လာမာစီယာအကယ်ဒမီထွက် ကစားသမားဟောင်းဖြစ်သူ အဲရစ်ဂါဆီယာကို အလိုရှိနေပေမယ့်လည်း ဂါဆီယာက ဒီနှစ်ဘောလုံးရာသီအကုန်မှာ မန်စီးတီးနဲ့ သက်တမ်းကုန်ဆုံးတော့မှာဖြစ်လို့ လာမယ့်နွေစျေးကွက်မှပဲ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူချင်နေပြီး လက်ရှိမှာတော့ သက်ဆိုင်ရာအသင်းတွေမှာ နေရာပျောက်နေတဲ့ မူစတာဖီနဲ့ ရူဒီဂါတို့ကိုပဲ ရေတိုစီမံကိန်းအဖြစ်နဲ့သာ ခေါ်ယူသွားချင်နေတယ်လို့ သိရပါတယ်။

Photo Credit : AS English

ဘာစီလိုနာအသင်းဟာ နည်းပြသစ် ရော်နယ်ကိုးမန်းလက်အောက်မှာ လိုအပ်ချက်တွေ ရှိနေသေးတဲ့ အသင်းတစ်သင်း ဖြစ်လို့နေသေးပြီး လက်ရှိအသင်းမှာလည်း ဒဏ်ရာရနေတဲ့ ကစားသမားအရေအတွက်က များပြားလို့နေပြီး အထူးသဖြင့် ခံစစ်ပိုင်းမှာ လွန်းဂလတ် ပီကေး အမ်တီတီ အာယိုဟိုနဲ့ ဆာဂျီရောဘတ်တိုတို့က ဒဏ်ရာပြသာနာအသီးသီးနဲ့ ရင်ဆိုင်လို့နေရပါတယ်။ ဒါကြောင့် ဘာစီလိုနာဟာ လာမယ့်ဆောင်းစျေးကွက်အတွင်းမှာပဲ အသင်းရဲ့ခံစစ်ပိုင်းကို အင်အားဖြည့်တင်းဖို့အတွက် ခံစစ်ကစားသမားသစ်တစ်ယောက်ခန့်ကို ခေါ်ယူဖွယ်ရှိနေပြီး Mundo Deportivo ရဲ့ဖော်ပြချက်အရ အသင်းရဲ့အဓိကပစ်မှတ် ဂါဆီယာထက် ရူဒီဂါနဲ့မူစတာဖီတို့ထဲက တစ်ယောက်ယောက်ကိုသာ ခေါ်ယူဖွယ် ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : NewsChain

ဂျာမနီနောက်ခံကစားသမားတွေ ဖြစ်ကြတဲ့ မူစတာဖီနဲ့ ရူဒီဂါတို့နှစ်ယောက်ဟာ သူတို့ရဲ့သက်ဆိုင်ရာ ကလပ်အသင်းတွေဖြစ်တဲ့ အာဆင်နယ်နဲ့ ချယ်လ်ဆီးအသင်းတွေမှာ ပုံမှန်နေရာရဖို့အတွက် ရုန်းကန်နေရသူတွေဖြစ်ပြီး အသင်းတွေကလည်း ဒီကစားသမားတွေကို ရောင်းထုတ်သွားဖို့ အစီအစဉ်ရှိနေတဲ့အတွက် ဘာစီလိုနာဘက်ကနေ ခံစစ်ကစားသမား(၂)နှစ်ယောက်ကို ဆက်လက်ပစ်မှတ်ထားနေရတာဖြစ်ပါတယ်။ ဒါပေမယ့် ဘာစီလိုနာအသင်းဟာ လက်ရှိမှာ အသင်းရဲ့ဘဏ္ဍာရေး အကျပ်အတည်းတွေကြောင့်ရော ဒီခံစစ်မှူးတွေကို အသင်းအတွက် ရေတိုလို လိုအပ်တာကြောင့်ပါ အပြီးသတ်ခေါ်ယူခြင်းထက် ကာလတို အငှားစာချုပ်နဲ့သာ ကမ်းလှမ်းဖွယ် ရှိနေပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဘာစီလိုနာအသင်းဟာ လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်လို့နေတဲ့ ဗလင်စီယာ နောက်ခံကစားသမား ဂါရေးကိုလည်း ခေါ်ယူသွားဖို့ ပစ်မှတ်ထားနေတယ်ဆိုပြီး စပိန်သတင်းမီဒီယာတွေကနေ ဖော်ပြခဲ့ပါသေးတယ်။ ဘာစီလိုနာအနေနဲ့ကတော့ ခံစစ်မှူးတစ်ယောက်ကို မဖြစ်မနေ ခေါ်ယူသွားရမှာဖြစ်ပြီး ဘယ်ကစားသမားက အသင်းကို ရောက်ရှိလာမလဲဆိုတာ စိတ်လှုပ်ရှားစွာနဲ့ စောင့်ကြည့်သွားရတော့မှာပါ။