MySport Myanmar

လီဗာပူးလ် ပရိသတ်ဖြစ်ရတာ စိတ်လှုပ်ရှားစရာကောင်းနေရတယ်လို့ ဖာဘရီဂတ်စ်ပြောဆို

ဘာစီလိုနာ အာဆင်နယ် ချယ်လ်ဆီးအသင်းတွေရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ စပိန်ကွင်းလယ်လူကြီး ဖာဘရီဂတ်စ်က လီဗာပူးလ်အသင်းနဲ့ လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်တို့ကို ချီးမွမ်းမှုတွေ ပြုလုပ်သွားခဲ့ပြီး သိပ်မကြာခင်နှစ်တွေအတွင်း လီဗာပူးလ်အသင်းရဲ့ ပရိသတ်ဖြစ်ရတာက အရမ်းကို စိတ်လှုပ်ရှားစရာကောင်းနေလိမ့်မယ်လို့ အမွှန်းတင် ပြောကြားသွားခဲ့ပါတယ်။

Photo Credit : Sportskeeda

ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာယ ကလော့ပ်လက်ထက်မှာ တစ်စစနဲ့ တိုးတတ်ပြောင်းလဲလာခဲ့ပြီး ဂျာမန်လူမျိုးနည်းပြ ကလော့ပ်ကလည်း လီဗာပူးလ်ကို ကိုင်တွယ်နေချိန်အတွင်းမှာပဲ အသင်းကို ကမ္ဘာ့အကောင်းဆုံး အသင်းတစ်သင်း ဖြစ်လာအောင် တည်ဆောက်ပေးနိုင်ခဲ့သလို ဆုဖလား အောင်မြင်မှုတွေကိုပါ ရယူပေးနိုင်ခဲ့ပါတယ်။ ဒီရာသီမှာဆိုရင်လည်း ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ လိဂ်ဖလားမှာ ချန်ပီယံ ဖြစ်ထားခဲ့သလို အက်အေဖလားမှာ ဖိုင်နယ်ရောက်ထားပြီး ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ်ကို ရောက်ရှိနေသလို ပရီးမီးယားလိဂ်မှာလည်း အမှတ်ပေးချန်ပီယံဆုအတွက် မန်စီးတီးအသင်းနဲ့ အပြိုင်အဆိုင် ဖြစ်နေရပါတယ်။

Photo Credit : Sportskeeda

ဒီနှစ်ဘောလုံးရာသီမှာ ဆုဖလား(၄)လုံးလမ်းကြောင်းမှာ ရပ်တည်နေရတဲ့ လီဗာပူးလ်အသင်းနဲ့ အသင်းနည်းပြ ကလော့ပ်တို့ရဲ့ စွမ်းဆောင်ရည်ကောင်းတွေနဲ့ ပတ်သက်ပြီး လီဗာပူးလ်အသင်းနဲ့ မကြာခဏ ရင်ဆိုင်ခဲ့ဖူးတဲ့ မိုနာကို ကွင်းလယ်ကစားသမားကြီး ဖာဘရီဂတ်စ်က “သူတို့အသင်းဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း အကောင်းဆုံးအသင်း တစ်သင်းဖြစ်လာခဲ့တဲ့ မန်စီးတီးနဲ့ ယှဉ်ပြိုင်နေရပေမယ့် ပြီးခဲ့တဲ့ (၂)နှစ်လောက်ကနေစပြီး လီဗာပူးလ်အသင်းရဲ့ ပရိသတ်တစ်ယောက် ဖြစ်လာရတာက အရမ်းကို စိတ်လှုပ်ရှားစရာကောင်းလာခဲ့ရပါတယ်။ ကလပ်အသင်းအတွက် ကလော့ပ် ဖန်တီးခဲ့တာက တကယ့်ကို အံ့သြစရာကောင်းပြီး ပွဲတိုင်းမှာလည်း စွမ်းအားတွေကို သင် ခံစားကြည့်နိုင်ပါတယ်။ တကယ့်စံပြပုဂ္ဂိုလ်တစ်ဦးပါ” လို့ ချီးကျူးသွားခဲ့ပါတယ်။ လက်ရှိမှာတော့ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း လက်ကျန်ပွဲစဉ် (၄)ပွဲအလိုမှာ မန်စီးတီးကို တစ်မှတ်ကွာ အနေအထားနဲ့ အနီးစပ်ဆုံး ဖိအားပေးထားနိုင်ပြီး ဒီကြားရက်မှာလည်း စပိန်ကလပ် ဗီလာရီးယဲလ်အသင်းနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်ကို ယှဉ်ပြိုင်သွားရမှာပဲ ဖြစ်ပါတယ်။ လာမယ့်မေလမှာတော့ လီဗာပူးလ်အသင်းဟာ ဝင်ဘာလေကွင်းမှာ ချယ်လ်ဆီးအသင်းနဲ့ အက်အေဖလား ဗိုလ်လုပွဲကို ရင်ဆိုင်သွားရတော့မှာ ဖြစ်ပါတယ်။

Exit mobile version