ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကြယ်ပွင့်ကစားသမားလေးဖြစ်သူ ဂျာမား မူစီအာလာကတော့ ဒဏ်ရာပြသာနာကြောင့် ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်ကို လွဲချော်ရနိုင်တယ်လို့ သိရပါတယ်။

ဘိုင်ယန်အသင်းရဲ့ အားအထားရဆုံး ကစားသမားလေးဖြစ်တဲ့ မူစီအာလာဟာ ကြွက်သားအရွတ် ပြသာနာကြောင့် ယူနီယံဘာလင်နဲ့ ပွဲစဉ်အပြင် မနေ့က ဖရန့်ဖတ်အသင်းနဲ့ ပွဲစဉ်တွေကိုပါ ဆက်တိုက် လွဲချော်ခဲ့ရပါတယ်။

Photo Credit : Mundo Deportivo

မူစီအာလာရဲ့ ဒဏ်ရာ အခြေအနေနဲ့ ပတ်သက်ပြီး ဘိုင်ယန်နည်းပြ သောမတ်စ် တူဟယ်လ်က “သူမကစားနိုင်ဘူး။ သူက သေချာပေါက် ပါဝင်ကစားချင်နေသလို ကျွန်တော်တို့ကလည်း သူ့ကို ကစားစေချင်ပါတယ်။ ဒဏ်ရာကနေ (၂)ရက်လောက် နာကျင်မှုတွေ မခံစားခဲ့ရပဲ နောက်မှ ပြန်နာကျင်လာခဲ့တယ်။”

“ဒါက အရွတ်ရောင်ရမ်းမှုဖြစ်ပြီး ဒီနာကျင်မှုက သူ့ကို အတော်လေး အနှောင့်အယှက်ပေးနေပါတယ်။” လို့ ရှင်းပြထားခဲ့ပါတယ်။ ဒီအခြေအနေတွေကြောင့် မူစီအာလာအနေနဲ့ ရီးယဲလ်နဲ့ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပကျော့ကို လွဲချော်ရဖွယ် ရှိနေရပါတယ်။

Photo Credit : Forbes

ဘိုင်ယန်ဟာ အာဆင်နယ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာလည်း ဒဏ်ရာ ပွဲပယ်ပြသာနာတွေနဲ့ ကြုံတွေ့ခဲ့ရပြီး ဂနာဘရီ ကိုးမန်းတို့လို တောင်ပံကစားသမားတွေက ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့သလို အယ်လ်ဖွန်ဆို ဒေးဗီးစ်ဆိုရင်လည်း ပွဲပယ်ခံခဲ့ရပါတယ်။

ဒါပေမယ့်လည်း ဘိုင်ယန်က အာဆင်နယ်အသင်းကို ရအောင် ကျော်ဖြတ်ခဲ့ပြီး အခုလည်း မူစီအာလာ မပါဝင်လာဖို့ များနေတဲ့ အခြေအနေမှာ ရီးယဲလ်လို အသင်းမျိုးကို ဘယ်လိုပုံစံမျိုးနဲ့ ယှဉ်ပြိုင်သွားဦးမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။