ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကင်းထောက်အဖွဲ့က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဆဲလ်ဘက် ၁-၀ လီဗာပူးတို့ရဲ့ ရာသီကြိုခြေစမ်းပွဲမှာ ဆဲလ်ဘက်အတွက် တလုံးထဲသော အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ဆက်စ်ကိုရဲ့ ခြေစွမ်းကို အတော်လေး သဘောကျနေကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ဖော်ပြသွားခဲ့ပါတယ်။

Photo Credit: Team Talk

မန်ချက်စတာ ယူနိုက်တက်က ယခု နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ စီစဉ်ထားတဲ့ အသင်းတသင်း ဖြစ်ပြီး ဆဲလ်ဘက်နဲ့အတူ တောက်ပနေတဲ့ လူငယ်ကြယ်ပွင့် ဆက်စ်ကိုဟာ သူတို့အသင်းရဲ့ ထိပ်သီး ပစ်မှတ် ကစားသမားတွေထဲက တဦးပဲ ဖြစ်ပါတယ်။

အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ ဆလိုဗက်နီးယား လက်ရွေးစင် တိုက်စစ်မှူး ဆက်စ်ကိုက ပါဝါအားကောင်းသလို ဘောလုံး အရည်အသွေးမြင့် လူငယ် တိုက်စစ်မှူး တဦး ဖြစ်တာကြောင့် ယခု နွေဈေးကွက် အတွင်းမှာ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေ အများအပြား ရှိနေကြပါတယ်။

Photo Credit: Team Talk

နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကင်းထောက်အဖွဲ့က ဆက်စ်ကိုရဲ့ ခြေစွမ်းကို အတော်လေး သဘောကျနေသလို ဆက်စ်ကိုရဲ့ နောက်ခံ မိသားစု ၊ ခြေစွမ်းပိုင်းနဲ့ ကစားပုံတို့ အားလုံးကို အသေးစိတ် သိရှိထားတာကြောင့် မကြာခင်မှာပဲ ယူနိုက်တက်က ဆက်စ်ကိုအတွက် တရားဝင် ကမ်းလှမ်းလာနိုင်ကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ နီးစပ်တဲ့ မန်ချက်စတာ ညနေခင်း သတင်းဌာနကလည်း ယူနိုက်တက်ရဲ့ အားကစားဒါရိုက်တာ ဂျွန် မားသော့စ်က ဆက်စ်ကိုကို ခေါ်ယူနိုင်ဖို့ သူ့ရဲ့ အေးဂျင့်ဖြစ်သူနဲ့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်ထားကာ ဆက်စ်ကိုအတွက် ကမ်းလှမ်းမှု တရပ် ပြုလုပ်တော့မယ်လို့ ဖော်ပြထားပါသေးတယ်။