MySport Myanmar

ယူနိုက်တက်ခံစစ်မှူး ဗာရန်းကို ဆောင်းဈေးကွက်မှာ ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဘိုင်ယန်

ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီးကလပ် ဘိုင်ယန်မြူးနစ်က လာမယ့် ဆောင်းဈေးကွက်မှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ဗဟိုခံစစ်မှူး ​ဗာရန်းကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စားမှုတွေ ရှိနေကြောင်း ဘိုင်ယန်မြူးနစ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၃၀ အရွယ် ပြင်သစ်လက်ရွေးစင် ဗဟိုခံစစ်မှူး ရာဖေးလ် ဗာရန်းက ၂၀၂၁ခုနှစ်မှာ ရီးရဲလ်မက်ဒရစ် ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၄၀သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက ယူနိုက်တက်နဲ့ ၂၀၂၅ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Football 365

ဗာရန်းက ရီးရဲလ်မက်ဒရစ် ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ရောက်ရှိပြီးနောက် တောက်လျှောက် ပွဲထွက် ကစားခွင့် ရခဲ့ပေမယ့် ဒဏ်ရာပြဿနာ တချို့ ရခဲ့တာကြောင့် ပြီးခဲ့တဲ့လမှ စတင်ကာ ပွဲထွက်ကစားခွင့် မရတော့ပဲ အရန် ခံစစ်မှူး အဖြစ်သာ ကစားနေရပါတယ်။

လက်ရှိမှာတော့ ဗာရန်းက သူ့ရဲ့ ပွဲကစားခွင့်နဲ့ ပတ်သတ်ပြီး အနည်းငယ် မကျေမနပ် ဖြစ်နေကာ တွဲဖက်ခံစစ်မှူး မာတီနက်ဇ် တယောက် ဒဏ်ရာကနေ ပြန်လည် သက်သာလာချိန်မှာ ပွဲထွက် ကစားခွင့် မရရင် အသင်းပြောင်းဖို့ စဉ်းစားနိုင်ချေ ရှိနေပါတယ်။

Photo Credit: Goal

နာမည်ကြီး ဂျာမဏီသတင်းထောက် ပလက်တန်ဘက်ရဲ့ အဆိုအရ ဘိုင်ယန်မြူးနစ်က လာမယ့် ဆောင်းဈေးကွက်မှာ ဗာရန်းကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စားနေပြီး ဘိုင်ယန်မြူးနစ်ရဲ့ တာဝန်ရှိသူတွေက ဗာရန်းအား ခေါ်ယူသင့် ၊ မခေါ်ယူသင့်ကို ဆွေးနွေး တိုင်ပင်နေကြကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်ကတော့ မကြာခဏ ဒဏ်ရာရတတ်သလို စာချုပ်သက်တမ်း ၁နှစ်ကျော်သာ ကျန်တော့တဲ့ ဗာရန်းအတွက် ပြောင်းရွှေ့ကြေး ယူရို ၃၀သန်း ဝန်းကျင် လိုချင်နေကြောင်း နီးစပ်သူတွေက ဆိုပါတယ်။

Exit mobile version