ဂျာမဏီအသင်းရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ သောမတ်စ် မူလာကတော့ ယမန်နေ့ညမှာ ကမ္ဘာ့ဖလား အုပ်စုအဖွင့်ပွဲ အဖြစ် ဂျပန်အသင်းနဲ့ ယှဉ်ပြိုင် ကစားခဲ့ရာ ၁-၂ ဆိုတဲ့ ရလဒ်နဲ့ အရှုံးပေးခဲ့ရပြီးနောက် သူတို့အသင်းဟာ အရှုံးရလဒ်နဲ့ ထိုက်တန်ကြောင်း ဝန်ခံသွားခဲ့ပါတယ်။

ဂျာမဏီက ကမ္ဘာ့ဖလား အုပ်စုအဆင့်မှာ စပိန် ၊ ဂျပန် ၊ ကော်စတာရီကာ စတဲ့ အသင်းတွေနဲ့ တအုပ်စုထဲ ကျရောက်နေခဲ့ပြီး အုပ်စုဗိုလ်နေရာ ရဖို့ အတွက် ပွဲတိုင်းကို အနိုင်ကစားဖို့ လိုအပ်နေပေမယ့် မထင်မှတ်ပဲ ဂျပန်ကို ရှုံးနိမ့်သွားခဲ့တာကြောင့် ရှုံးထွက်အဆင့်ဆီ တက်လှမ်းနိုင်ဖို့ အတွက် လက်ကျန် ၂ပွဲစလုံးမှာ အနိုင်ရလဒ်တွေ ရအောင် ကြိုးစား ကစားရတော့မှာပါ။

Photo Credit: 90 Mins

ဂျာမဏီ ၁-၂ ဂျပန် ပွဲစဉ်မှာ ဂျာမဏီက ပထမပိုင်း တပိုင်းလုံးမှာ ဂျပန်ကို တဖက်သတ်နီးပါး ဖိအားပေး ကစားနိုင်ခဲ့ပြီး ဂိုးသွင်းခွင့် အမြောက်အမြား ဖန်တီးနိုင်ခဲ့ပေမယ့် ကစားသမားတွေရဲ့ အဆုံးသတ် မသေချာမှုတွေကြောင့် ဂန်ဒိုဂန်ရဲ့ ပင်နယ်တီ တဂိုးထဲနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

ပထမပိုင်းဟာ ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အဆုံးသတ်ခဲ့တာကြောင့် ဒုတိယပိုင်းမှာတော့ ဂျပန်က ချေပဂိုး ပြန်ရဖို့ တင်ကစားလာခဲ့ပြီး ဂျာမဏီကတော့ အနိုင်ဂိုးတွေ ထပ်သွင်းဖို့ ကြိုးစားခဲ့ပေမယ့် အဆုံးသတ် မသေချာမှုတွေကြောင့် နောက်ထပ် ဦးဆောင်ဂိုးတွေ မရခဲ့ပဲ ပွဲချိန် ၇၅မိနစ်မှာတော့ လူစားဝင် ညာတောင်ပံတိုက်စစ် ကစားသမား ဒိုအန်က ဂျပန်အတွက် ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

Photo Credit: 90 Mins

တဖက် တဂိုးစီ သရေကျသွားပြီးနောက် ဂျာမဏီက အနိုင်ဂိုး ရအောင် တင်ကစားလာခဲ့ပေမယ့် ပွဲချိန် ၈၃မိနစ်မှာတော့ အာဆင်နယ် ကြယ်ပွင့်ဟောင်း အဆာနိုက ဂျာမဏီ နောက်ခံလူ ရှခိုတာဘက်ရဲ့ အမှားကနေ တဆင့် ဂျပန်အတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးသွားခဲ့ပါတယ်။

ဂျာမဏီ ၁-၂ ဂျပန် ပွဲအပြီးမှာတော့ ဂျာမဏီ တိုက်စစ်မှူး မူလာက သူတို့အသင်းဟာ ပုံမှန် ခြေစွမ်းအောက် ရောက်နေခဲ့ကာ ဂျပန်ကို ထိုက်ထိုက်တန်တန် ရှုံးနိမ့်ခဲ့ရတာပါလို့ ဝန်ခံသွားပါတယ်။ မူလာက – “ကျွန်တော့်ရဲ့ ခံစားချက်ကို ပြောရရင်တော့ ကျွန်တော်တို့ဟာ ကစားပုံကောင်းခဲ့တယ်လို့ မြင်ပါတယ်။ ဒါပေမယ့် ဘောလုံးလောကမှာ ကစားပုံ ကောင်းတယ် ဆိုတာ ရလာတဲ့ အခွင့်အရေးတွေကို သွင်းဂိုးတွေ အဖြစ် ပြောင်းလဲနိုင်တာနဲ့ ဂိုးတွေ ပိုသွင်းနိုင်တာမျိုးကို ပြောတာပါ။ ကျွန်တော်တို့က ကစားပုံ ကောင်းခဲ့ပေမယ့် ရလာတဲ့ အခွင့်အရေးတွေကို အသုံးချနိုင်မှုမှာတော့ ပြိုင်ဘက်ထက် ပိုပြီး ညံ့ခဲ့ပါတယ်။ ကျွန်တော်တို့တွေ ကစားပုံ အသာကြီးနဲ့ ရှုံးသွားတဲ့ အတွက် ရယ်ချင်စရာတော့ ကောင်းပါတယ်။ ဒါပေမယ့် ဘောလုံးလောကမှာ နိုင်ပွဲနဲ့ မထိုက်တန်ပဲ နိုင်သွားတဲ့ အသင်းဆိုတာ မရှိပါဘူး။ ပြီးတော့ ရှုံးပွဲတွေ့သွားတဲ့ အသင်းကလည်း ရှုံးပွဲနဲ့ ထိုက်တန်လို့ ရှုံးပွဲ တွေ့ခဲ့ရတာပါ” လို့ ပြောကြားသွားခဲ့တာပါ။