ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ သောမတ် မူလာကတော့ လာမယ့် နွေအပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းကြီးနေတဲ့ အသင်းဖော် တိုက်စစ်မှူး ရော်ဘတ် လီဝမ်ဒေါစကီးကို ဘိုင်ယန်မြူးနစ်မှာသာ ဆက်လက် ရှိနေစေချင်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားပါတယ်။

သောမတ် မူလာနဲ့ ရော်ဘတ် လီဝမ်ဒေါစကီးတို့က ဘိုင်ယန်မြူးနစ်ရဲ့ အဓိက တိုက်စစ်အတွဲအဖက် ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာ ဆိုရင်လည်း သူတို့နှစ်ဦးပေါင်း သွင်းဂိုး ၆၃ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၃၂ကြိမ် အထိ ပြုလုပ်ထားနိုင်ခဲ့ပါတယ်။

Photo Credit: Bundesliga

ဒါကြောင့်ပဲ ဘိုင်ယန်မြူးနစ် ပရိသတ် အများစုက မူလာနဲ့ လီဝမ်ဒေါစကီးတို့ တိုက်စစ်အတွဲကို ဘိုင်ယန်မြူးနစ်ရဲ့ အဓိက အသက်သွေးကြော အဖြစ် သတ်မှတ်ထားကြပေမယ့် လီဝမ်ဒေါစကီးကတော့ ဘိုင်ယန်မြူးနစ်ရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ပယ်ချခဲ့ကာ အသင်းကနေ ထွက်ခွာခွင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

အသက် ၃၃နှစ် အရွယ် ပိုလန် လက်ရွေးစင် တိုက်စစ်မှူး လီဝမ်ဒေါစကီးဟာ ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သက်တမ်း ၁နှစ်ကျော် ကျန်သေးပေမယ့် လာမယ့် နွေအပြောင်းအရွှေ့မှာပဲ စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာဆီ ပြောင်းရွှေ့ဖို့ စိတ်ပိုင်းဖြတ်ထားပြီး သူ့ကို အသင်းကနေ ထွက်ခွာခွင့်ပေးဖို့လည်း ဘိုင်ယန်မြူးနစ် ဘုတ်အဖွဲ့ထံ လူသိရှင်ကြား တောင်းဆိုထားပါတယ်။

Photo Credit: Bundesliga

ဒါပေမယ့် ဘိုင်ယန်မြူးနစ် ဘုတ်အဖွဲ့ကတော့ လီဝမ်ဒေါစကီးကို စာချုပ်သက်တမ်း ကုန်တဲ့ အထိ အသင်းမှာသာ ဆက်လက် ကစားခိုင်းဖို့ စဉ်းစားနေကြပြီး မကြာမီကမှ ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သစ် ချုပ်ဆိုထားတဲ့ မူလာကလည်း သူဟာ လီဝမ်ဒေါစကီးကို ဘိုင်ယန်မြူးနစ်မှာသာ ဆက်လက် ရှိစေချင်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

မူလာက – “လီဝမ်က ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သက်တမ်း ကျန်နေပါသေးတယ်။ ပြီးတော့ ကျွန်တော်ကလည်း အချိန်အကြာကြီး တွဲကစားလာခဲ့တဲ့ လီဝမ်ကို အသင်းမှာပဲ ဆက်ရှိစေချင်ပါတယ်။ ကျွန်တော်နဲ့ သူ့ရဲ့ ကြားမှာ ရှိတဲ့ နားလည်မှုက အတော်လေး ကောင်းတာကို ခင်ဗျားတို့လည်း သိကြပါတယ်။ ဒါပေမယ့် ဘောလုံးလောကမှာ အပြောင်းအရွှေ့ ကိစ္စရပ်တွေက အမြဲတမ်း ရှိတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အသင်းက ကျွန်တော်တို့ ကစားသမားတွေထက် ပိုပြီး ကြီးကျယ်တယ် ဆိုတာ သေချာပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။