ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ၂၀၂၀ ခုနှစ် ဂျာမန် စူပါဖလား ပွဲစဉ်မှာတော့ ထုံးစံအတိုင်းပဲ လို့ ဆိုရလောက်အောင် ဂျာမန်ဘီလူးကြီး ဘိုင်ယန်မြူးနစ် အသင်းက ဒေါ့မွန်အသင်းကို ၃-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူကာ ရာသီသစ်ရဲ့ ဒုတိယမြောက် ဖလားကို သိမ်းပိုက် ရယူ နိုင်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ် အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဖလားသုံးလုံး ရယူနိုင်ခဲ့သလို လက်ရှိ ဘောလုံးရာသီမှာလည်း ဥရောပ စူပါဖလားနဲ့ ဂျာမန််စူပါဖလားတို့ကို သိမ်းပိုက် နိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် ဘိုင်ယန်မြူးနစ် အသင်းဟာ လက်ရှိ ဥရောပရဲ့ အကောင်းဆုံး အသင်းလို့ အမွှမ်းတင်မယ် ဆိုရင်တောင် မှားမယ် မထင်ပါဘူး။

Photo Credit: Sky Germany

ဘိုင်ယန်မြူးနစ်အသင်းရဲ့ အိမ်ကွင်း ဖြစ်တဲ့ အလိုင်းယန့် အရီနာမှာ ကစားခဲ့တဲ့ ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ် အသင်းဟာ အသင်းရဲ့ အဓိက ကစားသမား ဖြစ်တဲ့ ကင်းမစ်ချ်ရဲ့ နောက်ကျ အနိုင်ဂိုးကြောင့် ၃-၂ ဆိုတဲ့ ရလဒ်နဲ့ ဒေါ့မွန်အသင်းကို အနိုင်ယူ နိုင်ခဲ့တာပါ။ အဆိုပါ ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ် အသင်းအတွက် သွင်းဂိုးတွေကိုတော့ ပွဲချိန် ၁၈ မိနစ်မှာ တိုလစ်ဆို ၊ ပွဲချိန် ၃၂ မိနစ်မှာ မူလာနဲ့ ပွဲချိန် ၈၂ မိနစ်မှာ ကင်းမစ်ချ်တို့က အသီးသီး သွင်းယူ ပေးခဲ့ကြပြီး ဒေါ့မွန်အသင်း အတွက် သွင်းဂိုးတွေ ကိုတော့ ပွဲချိန် ၃၉ မိနစ်မှာ ဘရန့်နဲ့ ပွဲချိန် ၅၅မိနစ်မှာ ဟာလန်းတို့က အသီးသီး သွင်းယူ ပေးခဲ့ကြပါတယ်။ ဂျာမန် စူပါဖလားကို အနိုင်ရခဲ့တာကြောင့် ဘိုင်ယန်မြူးနစ် အသင်းရဲ့ ၂၀၂၀ ခုနှစ် ဘွန်ဒက်လီဂါ ဘောလုံးရာသီဟာ အဖွင့်လှခဲ့တယ် လို့ ဆိုရမှာ ဖြစ်သလို ဘိုင်ယန်မြူးနစ် အသင်းရဲ့အဓိက ကစားသမား မူလာဟာလည်း ဆုဖလား ရရှိမှု အများဆုံး ဂျာမန် ကစားသမား ဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိခဲ့ကြောင်း သိရပါတယ်။

Photo Credit: Sky Germany

အသက် ၃၁ နှစ် အရွယ် ကွင်းလယ် တိုက်စစ် ကစားသမား မူလာဟာ သူ့ရဲ့ ကစားသမားဘဝ တစ်ခုလုံးကို ဘိုင်ယန်မြူးနစ် အသင်းနဲ့သာ ကုန်ဆုံးခဲ့သူ ဖြစ်ပြီး ဂျာမန် စူပါဖလားကို ရရှိပြီးတဲ့ နောက်မှာတော့ သူဟာ အသင်းဖော်ဟောင်း ရှဝိန်းစတိုင်ဂါ ရရှိထားတဲ့ ဂျာမန် အအောင်မြင်ဆုံး ကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ကို လွှဲပြောင်း ရယူ နိုင်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ် အသင်းရဲ့ ဂန္တဝင် ကစားသမား တစ်ဦး ဖြစ်တဲ့ ရှဝိန်းစတိုင်ဂါဟာ ကစားသမားဘဝမှာ စုစုပေါင်း ဆုဖလား ၂၆ လုံးအထိ ရရှိခဲ့သူ ဖြစ်ပြီး လက်ရှိမှာတော့ မူလာဟာ စုစုပေါင်း ဆုဖလား ၂၇လုံးအထိ ရရှိခဲ့တဲ့ မှတ်တမ်းနဲ့အတူ ရှဝိန်းစတိုင်ဂါရဲ့ အအောင်မြင်ဆုံး ဂျာမန် ကစားသမား ဆိုတဲ့ ဂုဏ်ပုဒ်ကို လွှဲပြောင်း ရယူခဲ့တာပါ။ မူလာ ရရှိခဲ့တဲ့ ဖလားတွေ ကတော့ ဘွန်ဒက်လီဂါ ဆုဖလား ၉ကြိမ် ၊ ဂျာမန် ပိုကယ်ဖလား ၆ကြိမ် ၊ ဂျာမန် စူပါဖလား ၆ကြိမ် ၊ ချန်ပီယံလိဂ်ဖလား ၂ကြိမ် ၊ ဥရောပ စူပါဖလား ၂ကြိမ် ၊ ကမ္ဘာ့ကလပ်ဖလား ၁ကြိမ်နဲ့ ကမ္ဘာ့ဖလား ၁ကြိမ်တို့ပဲ ဖြစ်ပါတယ်။