ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ အဓိက ကစားသမား တဦး ဖြစ်သူ သောမတ်စ် မူလာက သူတို့အသင်းဟာ မက်ဆီ ပါတဲ့ အသင်းတွေနဲ့ တွေ့ရင် အမြဲတမ်း ရလဒ်ကောင်းလေ့ ရှိကြောင်း ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘိုင်ယန်မြူးနစ် ၂-၀ ပီအက်စ်ဂျီ ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

သောမတ်စ် မူလာ ဦးဆောင်တဲ့ ဘိုင်ယန်မြူးနစ်က မက်ဆီ ဦးဆောင်လာတဲ့ ပီအက်စ်ဂျီကို ဂျာမန်မြေမှာ ဧည့်ခံ ကစားခဲ့ရာ ဘိုင်ယန်မြူးနစ်က တပွဲလုံးအနေအထားနဲ့ ယှဉ်ကြည့်ရင် ကစားပုံ ပိုမို သာလွန်ခဲ့သလို ဂိုးသွင်းခွင့်တွေလည်း ပိုမို ရရှိခဲ့ပါတယ်။

Photo Credit: TYC Sports

ဘိုင်ယန်မြူးနစ် ၂-၀ ပီအက်စ်ဂျီ ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ် အတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၆၁မိနစ်မှာ တိုက်စစ်မှူး ချူပိုမိုတင်နဲ့ ပွဲချိန် ၈၉မိနစ်မှာ တောင်ပံကစားသမား ဂနာဘရီတို့ကို သွင်းယူပေးခဲ့ကြတာ ဖြစ်ပြီး ဘိုင်ယန်မြူးနစ်က နှစ်ကျော့ပေါင်းရလဒ် ၃-၀နဲ့ ပီအက်စ်ဂျီကို ထိုက်ထိုက်တန်တန် အနိုင်ရကာ ကွာတားဖိုင်နယ်ဆီ တက်ရောက်နိုင်ခဲ့တာပါ။

အဆိုပါပွဲ ပြီးဆုံးချိန်မှာတော့ သောမတ်စ် မူလာက ဘိုင်ယန်မြူးနစ်ဟာ မက်ဆီ ပါတဲ့ အသင်းတွေနဲ့ တွေ့ရင် အမြဲတမ်း ရလဒ်ကောင်းတွေ ရကြောင်းနဲ့ ဘိုင်ယန်မြူးနစ်ရဲ့ အိမ်မက်ဆိုးဟာ ရိုနယ်ဒိုသာ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: TYC Sports

မူလာက – “ကျွန်တော်တို့အသင်းက အမြဲတမ်း မက်ဆီ ပါတဲ့ အသင်းတွေနဲ့ တွေ့ရင် ကစားပုံ ကောင်းသလို ရလဒ်ကောင်းတွေလည်း ရလေ့ ရှိပါတယ်။ ကလပ်အဆင့်မှာ ကျွန်တော်တို့ကို အမြဲတမ်း ဒုက္ခပေးခဲ့တာက ရိုနယ်ဒိုပါ။ ရိုနယ်ဒို တယောက် ရီးရဲလ်မက်ဒရစ်မှာ ကစားခဲ့တုန်းက ကျွန်တော်တို့ကို အတော်လေး ဒုက္ခပေးခဲ့တယ်လို့ ပြောရပါမယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။